တိရောကုဋ္ဋသုတ်
၁။ ပြိတ္တာတို့သည် နံရံပြင်၊ လမ်းဆုံ လမ်းခွ၊ အိမ်ခြံစပ်၊တံခါးဝ တံခါးပေါင် တို့၌ ရပ်တည်ကြ၏။
၂။ ထမင်း၊ အဖျော်၊ ခဲဖွယ်၊ ဘောဇဉ် များစွာကို လှူဒါန်းရန် ပြုစီရင်သော်လည်း ပြိတ္တာတို့၏ ကံကြောင့် တစ်စုံတစ်ယောက် ကမျှ အမှတ်မရ။
၃။ သနားတတ်သူတို့သည် ဆွေမျိုးပြိတ္တာတို့ လာသောအခါ မွန်မြတ်သော အဖျော်ဘောဇဉ်ကို မိတ်ဆွေ အမျိုး ပြိတ္တာတို့ အတွက် (ဖြစ်စေဟု) ရည်ရွယ် ပေးလှူ၏။
၎။ ထိုဆွေမျိုးပြိတ္တာတို့သည် များစွာသော ထမင်း အဖျော်ကို (မိမိတို့အား ရည်ရွယ်၍ ပေးလှူသော်) ဝမ်းမြောက် ဝမ်းသာ အနုမောဒနာ ပြုကြကုန်၏။
၅။ ဤပေးလှူခြင်းကြောင့် ငါတို့ ချမ်းသာရ၏။ ငါတို့၏ အကျိုးတွက် ပူဇော်မှုကို ပြုကြ၏။ ပေးလှူသူ ဆွေမျိုးတို့လည်း အကျိုးများ၏။ ငါတို့၏ ဆွေမျိုးတို့သည် အသက်ရှည်ကြပါစေ။
၆။ ပြိတ္တာဘုံ၌ လယ်ထွန်ခြင်း မရှိ၊ နွားကျောင်းခြင်း မရှိ၊ ပြိတ္တာဘုံ၌ စည်းစိမ်ရကြောင်း ကုန်သွယ်မှု မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှု မရှိ၊ လူ့ဘုံမှ (ဆွေမျိုးမိတ်ဆွေတို့) ပေးဝေသော ကုသိုလ်အဖို့ဖြင့် တမလွန်ဘဝသို့ ပြောင်းသွားသော ပြိတ္တာတို့သည် မျှတရ၏။
၇။ ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာ အရပ်သို့ စီးသွားသကဲ့သို့ လူ့ဘုံမှ ပေးဝေသော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ရောက်၏။
၈။ ရေပြည့်သော မြစ်တို့သည် သမုဒဿဒရာကို ပြည့်စေကုန် သကဲ့သို့ လူ့ဘုံမှ ပေးဝေသော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ရောက်၏။
၉။ ဤသူ ငါ့အား (ဥစ္စာ) ပေးဖူး၏၊ ငါ့ (ကိစ္စကို) ပြုဖူး၏၊ ငါ၏ ဆွေမျိုး၊ ငါ၏ မိတ်ဆွေ၊ ငါ၏ ခင်ပွန်း ဟု ပြုခဲ့ဖူးသည်ကို အောက်မေ့သူသည် ပြိတ္တာတို့ အကျိုးငှါ မြတ်သော အလှူရေစက်ကို ပေးလှူရာ၏။
၁ဝ။ ငိုကြွေးခြင်း၊ (စိုးရိမ်) ပူဆွေးခြင်း၊ ပြောဆို မြည်တမ်းခြင်းတို့သည် ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်၊ သော်လည်း ဆွေမျိုးတို့သည် ငိုကြွေးနေကြ၏။
၁၁။ တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူသော အလှူသည် သံဃာ၌ ကောင်းစွာတည်၍ ပြိတ္တာထံသို့ ချက်ချင်း ရောက်၏။
၁၂။ တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူခြင်းကို ဆွေမျိုးတို့ ပြုအပ်သော ဝတ္တရား ဖြစ်၏။ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းဖြစ်၏။ ရဟန်းတို့အား ခွန်အားပေးသည် မည်၏။ ကြီးကျယ်သော ကုသိုလ် ပြုသည် မည်၏။
တိရောကုဋ္ဋသုတ် ပြီး၏။
No comments:
Post a Comment