အင်္ဂုလိမာလသုတ်
အခါတစ်ပါး၌ ပသေနဒိကောသလမင်း၏ နိုင်ငံတော်၌ ကြမ်းကြုတ်သော သွေးစွန်းသော လက်ရှိသော သတ်ဖြတ် ညှဉ်းဆဲမှု၌ စိတ်စောသော သတ္တဝါတို့၌ အသနား ကင်းမဲ့သော အဂုင်္လိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလ ခိုးသူသည် ရွာ နိဂုံး နယ်ပယ် တို့ကိုဖျက်ဆီး၏။ လူတို့ကို သတ်ဖြတ်၍ လက်ချောင်း ပန်းကုံးကို ဆောင်၏။
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ လှည့်လည် ဆွမ်းခံ၍ ဆွမ်းစားပြီးနောက် အိပ်ရာ နေရာကို သိုမှီး သိမ်းဆည်း၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် အင်္ဂုလိမာလ ခိုးသူ ရှိရာသို့ ခရီးရှည် ကြွတော်မူ၏။
နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန် ယောက်ျား ခရီးသွားတို့သည် အဂုင်္လိမာလ ခိုးသူရှိရာသို့ ခရီးရှည် ကြွတော်မူသော မြတ်စွာ ဘုရားကို မြင်ကြ ကုန်သော် ''ရဟန်း ဤခရီးကို မသွားပါလင့်၊ ရဟန်း ဤခရီး၌ ကြမ်းကြုတ်သော သွေးစွန်းသော လက်ရှိသော သတ်ဖြတ် ညှဉ်းဆဲမှု၌ စိတ်စောသော သတ္တဝါတို့၌ အသနား ကင်းမဲ့သော အဂုင်္လိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလ ခိုးသူသည် ရွာ နိဂုံး နယ်ပယ် တို့ကိုဖျက်ဆီး၏။ လူတို့ကို သတ်ဖြတ်၍ လက်ချောင်း ပန်းကုံးကို ဆောင်၏။ ထိုခရီးကို ယောက်ျားတို့သည် တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ် ငါးကျိပ် စသည်ဖြင့် စုပေါင်း၍ သွားကြ၏၊ ထိုသူတို့သည်လည်း အင်္ဂုလိမာလ လက်၌ သေကြရ၏'' ဟု ပြောဆို လျှောက်ထား ကြကုန်၏။ ထိုသို့ လျှောက်ထားသော်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်ပင် ကြွသွားတော် မူ၏။ နှစ်ကြိမ်၊ သုံးကြိမ် တိုင်အောင် မြတ်စွာ ဘုရားကို လျှောက်ထားကြကုန်၏။ ထိုသို့ လျှောက်သော်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်ပင် ကြွသွားတော် မူ၏။
အင်္ဂုလိမာလ ခိုးသူသည် မြတ်စွာဘုရားကို အဝေးကပင် မြင်၍ ''အံ့သြဖွယ် ရှိပေစွ၊ မဖြစ်ဖူးထူးပေစွ၊ ဤခရီးကို ယောက်ျားတို့သည် တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ် ငါးကျိပ် စသည်ဖြင့် စုပေါင်း၍ သွားကြ၏၊ ထိုသူတို့သည်လည်း ငါ၏ လက်၌ သေကြရ၏။ သို့စဉ်လျက် ဤရဟန်းသည် အဖော် မပါ တစ်ပါးတည်း မလေးမခံ့ လာ၏၊ ငါသည် ဤရဟန်းကို သတ်ရမူ ကောင်း၏'' ဟု အဂုၤလိမာလ ၾကံ၏။ အဂုၤလိမာလ ခိုးသူသည် သန်လျက်နှင့် ကာကို ဆွဲကိုင်၍ လေးနှင့်တောင့်ကို လွယ်ကာ မြတ်စွာဘုရား၏ နောက်မှ အပြေး လိုက်၏။ ပြကတေ့အတိုင်း ကြွသွားတော် မူသော မြတ်စွာဘုရားကို အစွမ်းကုန် ပြေးလိုက်သော အင်္ဂုလိမာလ ခိုးသူ မမီနိုင်လောက်အောင် တန်ခိုးဖြင့် ဖန်ဆင်းတော် မူ၏။
အင်္ဂုလိမာလသည် ''အံ့သြဖွယ် ရှိပေစွ၊ မဖြစ်ဖူး ထူးပေစွ၊ ရှေးက ငါသည် ပြေးနေသော ဆင်ကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသော မြည်းကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသော သမင်ကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသော ရထားကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ယခု ငါသည် ပကတိအတိုင်း သွားနေသော ဤရဟန်းကို အစွမ်းကုန် လိုက်သော်လည်း မမှီနိုင်'' ဟု အကြံ ဖြစ်၏။ မြတ်စွာဘုရားကို ''ရဟန်း ရပ်လော့ ရပ်လော့'' ဟု ဆို၏။ ''အင်္ဂုလိမာလ ငါသည် ရပ်နေ၏၊ သင်သာ ရပ်လော့'' ဟု (မိန့်တော်မူ၏)။ ထိုအခါ အင်္ဂုလိမာလ ခိုးသူအား ''သာကီဝင်မင်းသား ဖြစ်ကြ ကုန်သော ဤရဟန်းတို့သည် မှန်သည်ကိုသာ ဆိုလေ့ ရှိကြကုန်၏၊ မှန်သည်ကို ဝန်ခံလေ့ ရှိကြကုန်၏၊ သို့ဖြစ်လျက် ဤရဟန်းသည် သွားလျက် သာလျှင် 'အင်္ဂုလိမာလ ငါသည် ရပ်နေ၏၊ သင်သာ ရပ်လော့' ဟု ဆိုဘိ၏၊ ငါသည် ဤရဟန်းကို မေးရပါမူ ကောင်း၏'' ဟု အကြံ ဖြစ်၏။
ထိုအခါ အင်္ဂုလိမာလ ခိုးသူသည် မြတ်စွာဘုရားကို – ရဟန်း သွားနေလျက် ငါရပ်၏ ဟု ဆို၏၊ ရပ်သော ငါ့ကိုလည်း မရပ် ဟု ဆို၏၊ ရဟန်းသင့်အား မေးပါအံ့၊ သင်သည် အဘယ်သို့ ရပ်တည်၍ အကျွန်ုပ်သည် အဘယ်သို့ မရပ်တည် ပါသနည်း ဟုမေး၏။
အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း အလုံးစုံသော သတ္တဝါတို့၌ တုတ် လှံတံကို ချထားပြီး ဖြစ်၍ ရပ်လျက်ရှိ၏၊ သင်သည်ကား အလုံးစုံသော သတ္တဝါတို့၌ သတ်ဖြတ် ညှဉ်းဆဲခြင်းမှ မစောင့်စည်းသူ ဖြစ်၏၊ ထို့ကြောင့် ငါသည် ရပ်တည်သူ ဖြစ်၍ သင်သည် မရပ်တည်သူဖြစ်၏ ဟု (မိန့်တော်မူ၏)။
ပူဇော်ထိုက်၍ အမြတ်တရားကို ရှာမှီးလေ့ ရှိတော်မူသော မှန်သော စကားကိုသာ ဆိုလေ့ ရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ နေရာသို့ အချိန်ကြာမြင့်မှ ကြွရောက် တော်မူ၏၊ အကျွန်ုပ်သည် အသျှင်ဘုရား၏ တရားနှင့် စပ်ယှဉ်သော စကားကို ကြားနာရသည် ဖြစ်ပါ၍ မကောင်းမှုကို ပယ်စွန့်လျက် ကျင့်ပါတော့အံ့။
ဤသို့ လျှောက်ထားပြီးလျှင် ခိုးသူကြီးသည် သန်လျက်၊ လေးလက်နက်တို့ကို ထုံးအိုင် ကမ်းပါးပြတ် ချောက်ထဲသို့ လွှင့်ပစ်၏၊ ခိုးသူကြီးသည် မြတ်စွာဘုရား ခြေတော်တို့ကို ရှိခိုးပြီး ရှင်ရဟန်းအဖြစ်ကို တောင်းပန်၏။ သနားခြင်း ရှိသော၊ အမြတ်တရားကို ရှာမှီးသော၊ လောက၏ဆရာ ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် အင်္ဂုလိမာလ ခိုးသူကို 'ရဟန်း လာလော့' ဟု မိန့်တော်မူ၏၊ ထိုစကားဖြင့် သာလျှင် အင်္ဂုလိမာလ ခိုးသူကို ရဟန်းအဖြစ် ရောက်စေ၏။ မြတ်စွာဘုရားသည် အသျှင်အင်္ဂုလိမာလ ဟူသော နောက်လိုက် ရဟန်းနှင့် သာဝတ္ထိပြည်သို့ ဒေသစာရီ ကြွချီတော် မူ၏၊ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေစဉ် ပသေနဒိ ကောသလမင်း၏ နန်းတော် တံခါးဝ၌ လူအများ စည်းဝေးလျက် ''မင်းကြီး သင် မင်းကြီး၏ တိုင်းနိုင်ငံ၌ ကြမ်းကြုတ်သော သွေးစွန်းသော လက်ရှိသော သတ်ဖြတ် ညှဉ်းဆဲမှု၌ စိတ်စောသော သတ္တဝါတို့၌ အသနား ကင်းမဲ့သော အဂုင်္လိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလ ခိုးသူသည် ရွာ နိဂုံး နယ်ပယ် တို့ကိုဖျက်ဆီး၏။ လူတို့ကို သတ်ဖြတ်၍ လက်ချောင်း ပန်းကုံးကို ဆောင်၏။ ထိုအင်္ဂုလိမာလ ခိုးသူကို တားမြစ်တော် မူပါလော့'' ဟု ပြင်းပြ ကျယ်လောင်သော အသံဖြင့် တောင်းဆိုကြ၏။
ပသေနဒိ ကောသလမင်းကြီးသည် မြင်းငါးရာတို့ဖြင့် သာဝတ္ထိပြည်မှ နေမွန်းတည့်ချိန် ထွက်၍ ဇေတဝန်ကျောင်းသို့ ဝင်၏။ မြတ်စွာဘုရားကို ရှိခိုးလျက် သင့်လျော်ရာ၌ ထိုင်နေသော မင်းကြီးကို မြတ်စွာဘုရားသည် ''မင်းကြီး သင်သည် မဂဓတိုင်း ကို အစိုးရသော သေနိယ မည်သော ဗိမ္ဗိသာရ မင်းကို အမျက်ထွက် သလော၊ ဝေသာလီပြည် လိစဿဆဝီ မင်းတို့ကို အမျက်ထွက် သလော၊ တစ်ပါးသော ရန်သူ တို့ကို အမျက်ထွက် သလော'' ဟု မေးတော်မူ၏။
အသျှင်ဘုရား အကျွန်ုပ်သည် မဂဓတိုင်းကို အစိုးရသော သေနိယ မည်သော ဗိမ္ဗိသာရမင်းကိုလည်း အမျက်မထွက်ပါ၊ ဝေသာလီပြည်ကို အစိုးရကုန်သော လိစ္ဆဝီမင်းတို့ကို လည်း အမျက်မထွက်ပါ၊ တစ်ပါးသော ရန်သူမင်းတို့ကိုလည်း အမျက်မထွက်ပါ။ အသျှင်ဘုရား တပည့်တော်၏ တိုင်းနိုင်ငံ၌ ကြမ်းကြုတ်သော သွေးစွန်းသော လက်ရှိသော သတ်ဖြတ် ညှဉ်းဆဲမှု၌ စိတ်စောသော သတ္တဝါတို့၌ အသနား ကင်းမဲ့သော အဂုင်္လိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလ ခိုးသူသည် ရွာ နိဂုံး နယ်ပယ် တို့ကိုဖျက်ဆီး၏။ လူတို့ကို သတ်ဖြတ်၍ လက်ချောင်း ပန်းကုံးကို ဆောင်၏။ အသျှင်ဘုရား အကျွန်ုပ်သည် ထိုအင်္ဂုလိမာလ ခိုးသူကို တားမြစ်ပါအံ့ (ဟုလျှောက်၏)။
မင်းကြီး သင်သည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်နေသော အသက် သတ်ခြင်းမှ ကြဉ်ရှောင် နေသော မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်နေသော မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင် နေသော တစ်ထပ်သာ စားနေသော မြတ်သော တရားရှိသော အင်္ဂုလိမာလကို အကယ်၍ မြင်လျှင် သင် အဘယ်သို့ ပြုအံ့နည်း (ဟုမေးတော်မူ၏)။ အသျှင်ဘုရား ရှိခိုးပါအံ့၊ ခရီးဦး ကြိုပါအံ့၊ (ထိုင်ရန်) နေရာ ပေးပါအံ့၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ ဆေး ပစ္စည်းတို့ ဖိတ်ကြားပါအံ့၊ တရားနှင့် လျော်သော လုံခြုံမှုကို စီရင်စောင့်ရှောက် ပါအံ့။ အသျှင်ဘုရား ယုတ်ညံ့သော ဒုဿီလ ပုဂဿဂိုလ်တွင် သီလ စောင့်စည်းခြင်းသည် အဘယ်မှာ ဖြစ်နိုင်အံ့နည်း (ဟုလျှောက်၏)။
အင်္ဂုလိမာလသည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ မြတ်စွာဘုရားသည် လက်ယာ လက်ရုံးကို မြှောက်ချီ၍ ပသေနဒိ ကောသလ မင်းကြီးကို ''မင်းကြီး ဤသူသည် အင်္ဂုလိမာလ ဖြစ်၏'' ဟု မိန့်ကြားတော် မူ၏။ ထိုအခါ ပသေနဒီ ကောသလ မင်းကြီးသည် ကြောက်ရွံ့လေ၏။ ထိပ်လန့် လေ၏၊ ကြက်သီး မွေးညင်း ထလေ၏။ မြတ်စွာဘုရားသည် ပသေနဒိ ကောသလ မင်းကြီး ကြောက်ရွံ့ ထိတ်လန့် ကြက်သီး မွေးညင်း ထနေသည်ကို သိတော် မူ၍ ပသေနဒိ ကောသလ မင်းကြီးအား ''မင်းကြီး မကြောက်နှင့်၊ သင့်အား ဘေးမရှိတော့ပါ'' ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ပသေနဒိ ကောသလမင်းကြီးသည် ကြောက်ရွံ့ ထိတ်လန့် ကြက်သီး မွေးညင်း ထနေခြင်းများ ကင်းပျောက် ချုပ်ငြိမ်းလေ၏၊ ပသေနဒိ ကောသလ မင်းကြီးသည် အသျှင် အဂုင်္လိမာလအား ''အသျှင်ဘုရား အသျှင်သည် အကျွန်ုပ်တို့၏ အင်္ဂုလိမာလ ပေလော'' (ဟုမေး၏)။ ''မင်းကြီး မှန်ပါ၏'' (ဟုမိန့်ဆို၏)။ အသျှင်၏ ဖခင်သည် အဘယ်အနွယ် ရှိပါသနည်း၊ အသျှင်၏ မယ်တော်သည် အဘယ်အနွယ် ရှိပါသနည်း (ဟုလျှောက်၏)။ မင်းကြီး အဖသည် ဂဂဿဂအနွယ် အမိသည် မန္တာဏီ အနွယ် ဖြစ်၏ (ဟုမိန့်ဆို၏)။ အသျှင် ဂဂဿဂအနွယ် မန္တာဏီ၏ သားသည် မွေ့လျော်စွာ နေပါလော့၊ အသျှင်မြတ် အကျိုးငှါ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ ဆေး ပစ္စည်းတို့ဖြင့် ကြောင့်ကြ အားထုတ်ပါအံ့ (ဟုလျှောက်၏)။
အသျှင် အဂုင်္လိမာလသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီ ဝရိက်ဓုတင်ကို ဆောင်သူဖြစ်ရာ ''မင်းကြီး၊ သင်္ကန်း ပြည့်စုံပြီ'' ဟု ပြောကြား၏။ ထိုအခါ ပသေနဒိ ကောသလ မင်းကြီးသည် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာ နေရာ၌ ထိုင်နေလျက် ''အသျှင် ဘုရား အံ့သြဖွယ် ရှိပေစွ၊ အသျှင်ဘုရား မဖြစ်ဖူး ထူးကဲပါပေစွ၊ မြတ်စွာဘုရားသည် မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတတ်ပါပေစွ၊ မငြိမ်သက်သော သတ္တဝါတို့ကို ငြိမ်သက် စေတတ်ပါပေစွ၊ မငြိမ်းအေးသေးသော သတ္တဝါတို့ကို ငြိမ်းအေး စေတတ်ပါပေစွ။ အကျွန်ုပ်တို့သည် အဂုင်္လိမာလကို တုတ်လှံတံ၊ ဓားလက်နက်တို့ဖြင့် မဆုံးမနိုင်ခဲ့ကြပါ၊ အဂုင်္လိမာလကို မြတ်စွာဘုရားသည် တုတ်လှံတံ မပါဘဲ ဓားလက်နက် မပါဘဲ ယဉ်ကျေး စေနိုင်ပါပေ၏။ အကျွန်ုပ်တို့သည် ယခု သွားကြပါ ကုန်အံ့၊ များသော ပြုဖွယ် ရှိကြပါ၏'' ဟု လျှောက်၏။ မင်းကြီး သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင့် အလိုအတိုင်းပင် ဖြစ်၏) ဟု (မိန့်တော်မူ၏)။ ပသေနဒိ ကောသလ မင်းကြီးသည် နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် ဖဲခွါ သွားလေ၏။
အသျှင် အဂုင်္လိမာလသည် နံနက်အချိန်၌ သာဝတ္ထိပြည်သို့ ဆွမ်း အလို့ငှါ ဝင်၏။ သာဝတ္ထိပြည်၌ အိမ်စဉ် အတိုင်း ဆွမ်း အလို့ငှါ လှည့်လည်တော် မူသော် သားမဖွားနိုင်သဖြင့် မသက်သာသော ကိုယ်ဝန်ရှိသော မိန်းမတစ်ယောက်ကို မြင်၍ ''သတ္တဝါတို့သည် ပင်ပန်းလေစွ၊ သတ္တဝါတို့သည် ပင်ပန်းလေစွ'' ဟုတွေးမိ၏။ အသျှင် အဂုင်္လိမာလသည် ဆွမ်းစား ပြီးနောက် မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်သည် ယနေ့ နံနက်ပိုင်း အခါက သာဝတ္ထိပြည်သို့ ဆွမ်း အလို့ငှါ အိမ်စဉ်အတိုင်း လှည့်လည်စဉ် သားမဖွားနိုင်သော မသက်သာသော ကိုယ်ဝန်ရှိသော မိန်းမ တစ်ယောက်ကို မြင်ခဲ့ရ၍ ''သတ္တဝါတို့သည် ပင်ပန်းလေစွ၊ သတ္တဝါတို့သည် ပင်ပန်းလေစွ'' ဟုတွေးမိပါ၏ (ဟုလျှောက်၏)။
အဂုင်္လိမာလ သင်သည် ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ''နှမ ငါသည် မွေးသောအခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါတို့ကို သတ်ဖူးသည် ဟု မသိစဖူး၊ ထိုမှန် သော စကားကြောင့် သင့်နှင့် ကိုယ်ဝန် သတ္တဝါတို့ ချမ်းသာပါ စေသတည်း'' ဟု ဆိုလေလော့ (ဟုမိန့်တော်မူ၏)။
အသျှင်ဘုရား သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုခြင်း ဖြစ်ပါမည်၊ အကျွန်ုပ်သည် သတ္တဝါ များစွာတို့ကို သေစေလိုသော စေတနာ နှင့်တကွ သတ်ခဲ့ဖူးသည် မဟုတ်ပါလော ဟု (လျှောက်၏)။ အဂုင်္လိမာလ သို့ဖြစ်မူ သင်သည် ထိုမိန်းမ ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို ''နှမ ငါသည် အရိယာဇာတ်ဝင် ဖြစ်သောအခါမှ စ၍ သေစေ လိုသော စေတနာဖြင့် သတ္တဝါကို သတ်ဖူးသည် ဟူ၍ မသိစဖူး၊ ထိုမှန်သော သစ္စာစကားကြောင့် သင့်နှင့် ကိုယ်ဝန် သတ္တဝါတို့ ချမ်းသာ ပါစေသတည်း'' ဟု ဆိုလေလော့ ဟု (မိန့်တော်မူ၏)။
''အသျှင်ဘုရား ကောင်းပါပြီ'' ဟု လျှောက်ထား၍ ထိုမိန်းမကို ''နှမ ငါသည် အရိယာဇာတ်ဝင် ဖြစ်သော အခါမှစ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါကို သတ်ဖူး၏ ဟူ၍ ငါ မသိစဖူး၊ မှန်သော သစ္စာစကားကြောင့် သင့်နှင့် ကိုယ်ဝန် သတ္တဝါတို့ ချမ်းသာ ပါစေသတည်း'' ဟု ပြောဆို၏။ ထိုအခါ ထိုမိန်းမနှင့် ကိုယ်ဝန် သတ္တဝါ ချမ်းသာခြင်း ဖြစ်လေ၏။
အသျှင် အဂုင်္လိမာလသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာ အရပ်၌ မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ဖြင့် နေသည် ရှိသော် မကြာမီ အတုမဲ့ မြတ်သော အကျင့်၏ ဆုံးခန်းတိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြု၏၊ ပဋိသနေဿဓနေမှု ကုန်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီး ဖြစ်၏၊ (မဂ်)ကိစ္စ အတွက် ပြုဖွယ် ကိစ္စ မကျန်တော့ပြီ'' ဟု သိ၏။ အသျှင် အဂုင်္လိမာလသည် ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေသတည်း။
အသျှင် အဂုင်္လိမာလသည် နံနက်အချိန်၌ သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ ထိုအခါ အခြားအရပ်သို့ ပစ်သော ခဲသည် အသျှင် အဂုင်္လိမာလ၏ ကိုယ်၌ ကျ၏၊ အခြားအရပ်သို့ ပစ်သော တုတ်လှံတံသည် အသျှင်အဂုင်္လိမာလ၏ ကိုယ်၌ ကျ၏၊ အခြားအရပ်သို့ ပစ်သော ကျောက်စရစ်သည် အသျှင် အဂုင်္လိမာလ၏ ကိုယ်၌ ကျ၏၊ အသျှင်အဂုင်္လိမာလ၏ ဦးခေါင်း ကွဲ၍ သွေးတို့ယိုစီးကာ သပိတ် သကဿငန်းတို့ ကွဲပြဲကာ မြတ်စွာဘုရားထံသို့ ရောက်၏။ မြတ်စွာဘုရားသည် အဝေးမှ လာသော အသျှင် အဂုင်္လိမာလကို မြင်တော်မူ၍ ''မကောင်းမှုကို အပပြုပြီးသော ရဟန်း သည်းခံလော့၊ မကောင်းမှုကို အပ ပြုပြီးသော ရဟန်း သည်းခံလော့၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ယင်း (ပါဏာတိပါတ) အကုသိုလ်ကံ၏ အကျိုးအားဖြင့် နှစ်ပေါင်းများစွာ ရာထောင်ပေါင်းများစွာ ပတ်လုံး ငရဲ၌ ကျက်လေရာ၏။ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ထို(ပါဏာတိပါတ) အကုသိုလ် အကျိုးကို ယခုဘဝ၌ပင် ခံစားရဘိ၏'' ဟု မိန့်တော်မူ၏။ ထိုအခါ အသျှင် အဂုင်္လိမာလသည် ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစားစဉ် ဤဥဒါန်းကို ကျူးရင့်၏-
''ရှေးက မေ့လျော့လည် နောက်အခါ မမေ့လျော့ သူသည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ သတ္တ လောကကို ထွန်းလင်း၏။ ပြုခဲ့ပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့် တားဆီးသူသည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ သတ္တလောကကို ထွန်းလင်း၏။ ငယ်ရွယ်စဉ်က ပင်လျှင် မြတ်စွာဘုရား သာသနာတော်၌ အားထုတ်သော ရဟန်းသည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ သတ္တလောကကို တောက်ပ ထွန်းလင်း စေ၏။ ငါ၏ ရန်သူတို့သည် တရားနှင့် စပ်သော စကားကို ကြားနာ နိုင်ကြပါစေကုန် သတည်း၊ ငါ၏ ရန်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ အားထုတ် နိုင်ကြပါစေကုန် သတည်း၊ ငါ၏ ရန်သူ ဖြစ်ကုန်သော လူတို့သည် သူတစ်ပါးအား တရားကို ဆောက်တည် ကြစေသည့် သူတော်ကောင်းတို့ ထံသို့ ချဉ်းကပ် နိုင်ကြပါစေကုန် သတည်း။ ငါ၏ ရန်သူတို့သည် သည်းခံခြင်းကို ဆိုသော၊ မေတ္တာကို ချီးကျူးသော သူတို့၏ တရားကို အခါခါ နာကြား နိုင်ကြပါစေကုန် သတည်း၊ ထိုတရားကိုလည်း လိုက်နာ ကျင့်ကြံနိုင်ကြ ပါစေကုန် သတည်း။ ငါ၏ ရန်သူသည် ငါ့ကို မညှဉ်းဆဲ ပါစေသတည်း၊ အခြား သူကိုလည်း မညှဉ်းဆဲပါစေ သတည်း၊ မွန်မြတ်သော နိဗ္ဗာန်သို့ ရောက်၍ အမြဲ တပ်မက်သော တဏှာကို စောင့်ရှောက်နိုင် ပါစေသတည်း။ ရေကို မြောင်းသွယ်ကာ ဆောင်ယူကြ၏၊ မြားကို ဖြောင့်ကြ၏၊ သစ်ကို ဖြောင့်အောင် ရွေကြ၏၊ ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမကြ၏။ အချို့သူတို့သည် လှံတံ၊ ချွန်းကောက်၊ ကြိမ်လုံးတို့ဖြင့် ဆုံးမကြ၏၊ တာဒိဂုဏ် ရှိတော်မူသော မြတ်စွာ ဘုရားသည် တုတ်လှံတံ လက်နက် မရှိဘဲ ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော် မူ၏။ ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူ ဖြစ်လျက် 'အဟိံသက' အမည် ရှိခဲ့၏၊ ငါသည် ယနေ့မှ စ၍ တစ်စုံ တစ်ယောက်ကိုမျှ မညှင်းဆဲတတ် သောကြောင့် မှန်ကန်သော အမည် ရခဲ့ပြီ၊ ငါသည် ရှေးအခါက အဂုင်္လိမာလ ဟူ၍ ထင်ရှား ကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ ကြီးစွာသော သံသရာသြဃ၌ နစ်မျောသည် ဖြစ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ ငါသည် ရှေးအခါက အဂုင်္လိမာလဟူ၍ ထင်ရှား ကျော်စောသော သွေးစွန်းသော လက်ဖြင့် သူသတ်ယောက်ျား ဖြစ်ခဲ့၏၊ ကိုးကွယ်ရာ နိဗ္ဗာန်ကို မြင်သည် ဖြစ်၍ ဘဝနှောင်ကြိုးနှင့် တူသော တဏှာကို နုတ်ပယ်ခဲ့ပြီ။ အကြိမ်များစွာ အပါယ်ရွာကို လားစေတတ်သော ထိုသို့ သဘောရှိသော အကုသိုလ် ကံကိုပြုခဲ့ သော်လည်း ယင်းကံကို မဂ်စေတနာဖြင့် ရှို့မြှိုက်သောကြောင့် မကောင်းကျိုး ကြွေးမြီ ကင်းစွာ ဘောဇဉ်ကို ငါစားရပြီ။ ပညာမဲ့ လူမိုက်များသည် မေ့လျော့ ကြ၏၊ ပညာရှိ ယောက်ျားသည့် မမေ့မလျော့မှုကို မြတ်သော ဥစ္စာ ကဲ့သို့ စောင့်ရှောက်၏၊ မေ့လျော့ခြင်းကို အားမထုတ်ကြ ကုန်နှင့်၊ ကာမဂုဏ်၌ မွေ့လျော် ပေါင်းဖော်မှုကိုအား မထုတ်ကြ ကုန်နှင့်၊ မမေ့မလျော့ဘဲ ရှုဆင်ခြင် သူသာ နိဗ္ဗာန် ချမ်းသာသို့ ပေါက်ရောက်နိုင်၏။ သာသနာ့ဘောင်သို့ ငါ ရောက်လာခြင်းသည် ကောင်းသော ရောက်လာခြင်း ဖြစ်၏၊ ငါ၏ ရဟန်း ပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊ ကောင်းစွာ ဝေဖန် ဟောကြားသော တရားတို့တွင် အမြတ်ဆုံး နိဗ္ဗာန်သို့ ရောက်ပြီ။ သာသနာ့ဘောင်သို့ ငါ ရောက်လာခြင်းသည် ကောင်းသော ရောက်လာခြင်း ပေတည်း၊ ငါ၏ ရဟန်းပြုအံ့ ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်း မဟုတ်၊ ဝိဇ္ဇာသုံးပါးတို့သို့ ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံး အမကို ပြုပြီးပြီ'' ဟု (ကျူးရင့်လေ၏)။
ခြောက်ခုမြောက် အဂုင်္လိမာလသုတ် ပြီး၏။
No comments:
Post a Comment