ဗုဒ္ဓနှင့် ဥပါလိ သူကြွယ်
ဗုဒ္ဓသည် နာဠန္ဒာမြို့- ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ နေ၏။
နာဋ၏သား နိဂဏ္ဌသည် ပရိဿတ်တို့နှင့် အတူ နာဠန္ဒာမြို့၌ နေ၏။
တစ်ရက် ဒီဃတပဿီနိဂဏ္ဌသည် နာဠန္ဒာမြို့တွင်း လှည့်လည် ဆွမ်းခံကာ ဆွမ်းစားပြီးသော် သရက် ဥယျာဉ်သို့ဝင်၏။
ဗုဒ္ဓဘုရားကို ဝမ်းမြောက်ဖွယ် နှုတ်ခွန်းဆက် စကားတို့ ဆို၏။
နှုတ်ဆက်ပြီးသော် တစ်နေရာ၌ ရပ်နေ၏။
ဗုဒ္ဓဘုရားက နေရာတွေရှိပါ၏။ ထိုင်ပါဟု ဆို၏။
ဒီဃတပဿီနိဂဏ္ဌသည် နိမ့်သော နေရာ တစ်ခု၌ ထိုင်၏။
ဗုဒ္ဓဘုရားက တပဿီနာဋ၏သား နိဂဏ္ဌသည် မကောင်းမှုပြုခြင်း ကံ ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ဒီဃတပဿီနိဂဏ္ဌက နာဋ၏သား နိဂဏ္ဌသည် ကံ ဟုမဆို။ ဒဏ် ဟုဆို၏ ဟု ပြော၏။
ဗုဒ္ဓဘုရားက တပဿီနာဋ၏သား နိဂဏ္ဌသည် မကောင်းမှုပြုခြင်း ဒဏ် ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ဒီဃတပဿီနိဂဏ္ဌက ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ် ဟု သုံးမျိုး ခွဲ၏ ဟု ဖြေ၏။
ဒဏ်တို့သည် သီးခြားစီလော ဟုမေး၏။
သီးခြားစီဟု ဖြေ၏။
အဘယ်မကောင်းမှုသည် အပြစ်အကြီးဆုံးဟု သတ်မှတ်သနည်းဟု မေး၏။
ကာယဒဏ် မကောင်းမှုသည် အပြစ် အကြီးဆုံးဟု ဖြေ၏။
ကာယဒဏ်ဟု ဆိုသလား ဟုမေး၏။
ကာယဒဏ်ဖြစ်၏ဟု ဖြေ၏။
ကာယဒဏ်ဟု ဆိုသလား ဟုမေးပြန်၏။
ကာယဒဏ်ဖြစ်၏ဟု ဖြေပြန်၏။
ကာယဒဏ်ဟု ဆိုသလား ဟုမေးပြန်၏။
ကာယဒဏ်ဖြစ်၏ဟု ဖြေပြန်၏။ ဤသို့ သုံးကြိမ်တည်၏။
ဒီဃတပဿီနိဂဏ္ဌက ဗုဒ္ဓဘုရားကို မေး၏။ ဗုဒ္ဓဘုရားဖြေ၏။
ငါ့ရှင် ဂေါတမ၊ သင်က မကောင်းမှုပြုခြင်း ဒဏ် ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ဒဏ်ဟုမဆို ကံ ဟုဆို၏ ဟုဖြေ၏။
သို့ဆိုလျှင် ငါ့ရှင် ဂေါတမ၊ သင်က မကောင်းမှုပြုခြင်း ကံ ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ကာယကံ၊ ဝစီကံ၊ မနောကံ ဟု သုံးမျိုး ခွဲ၏ ဟု ဖြေ၏။
ကံတို့သည် သီးခြားစီလော ဟုမေး၏။
သီးခြားစီဟု ဖြေ၏။
အဘယ်မကောင်းမှုသည် အပြစ်အကြီးဆုံးဟု သတ်မှတ်သနည်းဟု မေး၏။
မနောကံ မကောင်းမှုသည် အပြစ် အကြီးဆုံးဟု ဖြေ၏။
မနောကံ ဟု ဆိုသလား ဟုမေး၏။
မနောကံ ဖြစ်၏ဟု ဖြေ၏။
မနောကံ ဟု ဆိုသလား ဟုမေး၏။
မနောကံ ဖြစ်၏ဟု ဖြေ၏။
မနောကံ ဟု ဆိုသလား ဟုမေး၏။
မနောကံ ဖြစ်၏ဟု ဖြေ၏။ ဤသို့ သုံးကြိမ်တည်၏။
ဒီဃတပဿီနိဂဏ္ဌသည် ဗုဒ္ဓဘုရားထံမှ ပြန်သော် နာဋ၏သား နိဂဏ္ဌထံ ဝင်၏။
နာဋ၏သား နိဂဏ္ဌသည် ဥပါလိသူကြွယ် အမှူးပြုသော ဗာလကိနိ ရွာသားတို့နှင့် နေ၏။ အဝေးမှလာသော ဒီဃတပဿီကို မြင်၏။ နေ့ခင်းကြောင်တောင် အဘယ်တွက် လာသနည်း မေးလျက် နှုတ်ဆက်၏။
ဒီဃတပဿီက ဂေါတမဗုဒ္ဓထံမှလာ၏ ဟု ဖြေ၏။ စကားဆိုခဲ့သလော မေး၏။ ဆိုခဲ့၏ ဟု ဖြေ၏။ ပြောခဲ့သော စကား အလုံးစုံကို ပြန်ပြောပြ၏။
နာဋ၏သား နိဂဏ္ဌက ဒီဃတပဿီကို ကောင်းစွ၊ ကောင်းစွ၊ ဆရာ၏ သင်ပြမှုကို ကောင်းစွာသိသော တပည့်ပီသပေစွ။ကြီးသော ကာယဒဏ်ကို ယှဉ်၍ မနောဒဏ်မှာ အဘယ်လျှင် ပြောပလောက်မည်နည်း။ ဟု ဆို၏။
ဥပါလိ သူကြွယ်က အရှင် တပဿီ ကောင်းစွ၊ ကောင်းစွ၊ ဆရာ၏ သင်ပြမှုကို ကောင်းစွာသိသော တပည့်ပီသပေစွ။ကြီးသော ကာယဒဏ်ကို ယှဉ်၍ မနောဒဏ်မှာ အဘယ်လျှင် ပြောပလောက်မည်နည်း။ ယခုပင် ကျွန်ုပ် သွား၍ ရဟန်း ဂေါတမကို အပြစ်ဆိုချေမည်။ စကားအရာတွင် အရှင်ဒီဃတပဿီတွင်ကဲ့သို့ ကျွန်ုပ်ထံ တည်ပါက အမွှေးရှည်သော သိုးကို အားရှိသော ယောက်ျားက ကိုင်ဆွဲသလို၊ ဆွဲယမ်းသလို ဂေါတမ၏ ဝါဒကို ကိုင်ဆွဲမည်၊ ဆွဲယမ်းမည် ဟု ဆို၏။ သေတင်းကုတ်၌ အမှုလုပ် ယောက်ျားသည် ဖျာကို ရေနက်သော ကန်၌ ချ၍ ဆေးသကဲ့သို့ ဆွဲယမ်း၊ ကိုင်မြှောက်မည်။ သေသောက်ကြူးသည် ခွက်ကို ချ၍၊ မြှောက်၍၊ လှုပ်၍ ကစားသကဲ့သို့ ချ၍၊ မြှောက်၍၊ လှုပ်၍ ကစားမည်။ ရဟန်း ဂေါတမကို အပြစ်တင်ချေမည် ဟုဆို၏။
ဥပါလိ သွားလော့။ ရဟန်းဂေါတမကို အပြစ် တင်ချေလော့။ ငါသော်လည်းကောင်း၊ သင်သော်လည်းကောင်း၊ ဒီဃ တပဿီ သော်လည်းကောင်း အပြစ်ဆိုသင့်လှ၏ဟု နာဋ၏သား နိဂဏ္ဌ ဆို၏။
တပဿီက ဥပါလိ မသွားသင့်၊ ရဟန်းဂေါတမသည် လှည့်ဖျားတတ်၏၊ စိတ်ညှို့တတ်၏၊ အယူတခြားဖြစ်သူတို့၏ တပည့်တို့ကို ညှို့ယူ လှည့်ဖျားတတ်၏။ ဟုဆို၏။
နာဋ၏သား နိဂဏ္ဌက ဥပါလိသည် ရဟန်းဂေါတမ၏ တပည့် မဖြစ်နိုင်၊ ဂေါတမသာ ဥပါလိ၏ တပည့် ဖြစ်စေနိုင်၏။ ဥပါလိ သွားလော့၊ အပြစ်ဆိုချေလော့ ဟုဆို၏။
တပဿီက နှစ်ကြိမ်မြောက် ဥပါလိ မသွားသင့်၊ ရဟန်းဂေါတမသည် လှည့်ဖျားတတ်၏၊ စိတ်ညှို့တတ်၏၊ အယူတခြားဖြစ်သူတို့၏ တပည့်တို့ကို ညှို့ယူ လှည့်ဖျားတတ်၏။ ဟုဆို၏။
နာဋ၏သား နိဂဏ္ဌက ဥပါလိသည် ရဟန်းဂေါတမ၏ တပည့် မဖြစ်နိုင်၊ ဂေါတမသာ ဥပါလိ၏ တပည့် ဖြစ်စေနိုင်၏။ ဥပါလိ သွားလော့၊ အပြစ်ဆိုချေလော့ ဟုဆို၏။
တပဿီက သုံးကြိမ်မြောက် ဥပါလိ မသွားသင့်၊ ရဟန်းဂေါတမသည် လှည့်ဖျားတတ်၏၊ စိတ်ညှို့တတ်၏၊ အယူတခြားဖြစ်သူတို့၏ တပည့်တို့ကို ညှို့ယူ လှည့်ဖျားတတ်၏။ ဟုဆို၏။
နာဋ၏သား နိဂဏ္ဌက ဥပါလိသည် ရဟန်းဂေါတမ၏ တပည့် မဖြစ်နိုင်၊ ဂေါတမသာ ဥပါလိ၏ တပည့် ဖြစ်စေနိုင်၏။ ဥပါလိ သွားလော့၊ အပြစ်ဆိုချေလော့ ဟုဆို၏။
ဥပါလိသည် ဗုဒ္ဓဘုရားနေရာ ပါဝါရိက သရက်ဥယျာဉ်သို့ သွား၍ တွေ့ဆုံ၏။
ရိုသေစွာ ရှိခိုးလျက် နေရာတွင် ထိုင်ပြီးသော် ဒီဃတပဿီနိဂဏ္ဌ လာပါသလော ဟုမေး၏။
ဘုရားရှင်က လာ၏ ဟု ဆို၏။
အဘယ်စကားများ ဆိုကြသနည်း မေး၏။
ဆိုခဲ့သော အလုံးစုံသော စကားတို့ကို ပြောပြ၏။
ဥပါလိက အရှင်ဘုရား တပဿီကား ကောင်းလှပေစွ၊ တော်လှပေစွ၊ ဆရာ့စကား၌ ကောင်းစွာသိသော တပည့်ပီသစွာ ဆိုပေစွ၊ ကြီးသော သဘောရှိသော ကာယဒဏ်နှင့် ယှဉ်သော် ဝစီဒဏ်နှင့် မနောဒဏ်ကား မပြောပလောက်ပါပေ ဟု ဆို၏။
ဗုဒ္ဓဘုရားက ဥပါလိ သင်သည် ကောင်းစွာ ယုံကြည်သဖြင့် ဆိုပါမူ ဆွေးနွေးဖွယ် စကား ဖြစ်၏ ဟု ဆို၏။
အရှင် ကျွန်ုပ် ကောင်းစွာ ယုံကြည်သဖြင့် ဆို၏ စကားဆွေးနွေးခြင်းကို ပြုပါလော့ ဟု ဥပါလိ ရိုသေစွာ ဆို၏။
ဥပါလိ နိဂဏ္ဌ တစ်ဦး သည် အနာစွဲကပ်၏၊ ပင်းပန်း၏၊ ရေအေးကို ပယ်၍ ရေနွေးကိုသာ သုံး၏၊ ထိုနိဂဏ္ဌသည် ရေအေး မရသော် သေ၏၊ နာဋ၏သား နိဂဏ္ဌသည် ဤသေသူ နိဂဏ္ဌကို အဘယ်အရပ်၌ ဖြစ်သည်ဟု သတ်မှတ် သနည်း ဟု ဘုရားရှင်မေး၏။
စိတ်စွဲလျက်သေသူတို့ဖြစ်သောနတ်ရှိ၏၊ ထိုနိဂဏ္ဌသည် စိတ်စွဲလျက်သေသဖြင့် ထိုနတ်မျိုး၌ ဖြစ်၏ ဟု သတ်မှတ်ပါသည်။
စဉ်းစား၍ သင်ပြောလော့ သူကြွယ်၊ သင့်စကားတို့ကား ရှေ့နောက် မညီပေ၊ ယုံကြည်သဖြင့် သင်ဆို၏ ဟု ပြောသည် မဟုတ်လော ဟု ဗုဒ္ဓဆို၏။
အရှင်ဘုရား ဤသို့ဆိုသော်လည်း ကာယဒဏ်သာလျှင် ကြီးသည်၊ ဝစီဒဏ်နှင့် မနောဒဏ်ကား ထိုသို့ မကြီးကြယ်ပေ ဟု ဥပါလိဆို၏။
သို့ဆိုလျှင် ဥပါလိ နာဋ၏သား နိဂဏ္ဌသည် စောင့်စည်းခြင်း လေးမျိုးထိန်း၏၊ ရေအေး အလုံးစုံကို ပယ်၏၊ မကောင်းမှု တားမြစ်ရန် အားထုတ်၏၊ မကောင်းမှု တားမြစ်ခြင်း၌ နှစ်မြှုတ်ထား၏၊ မကောင်းမှု တားမြစ်ခြင်းဖြင့် ပြန့်နှံ့၏။ ထိုနာဋ၏ သား ရှေ့သို့သွားသော်၊ နောက်သို့သွားသော် သတ္တဝါ ထောင်သောင်းသည် သေရာ၏။ ဤအကျိုးကို မည်သို့ သတ်မှတ်သနည်း၊ ဟု ဘုရားရှင်မေး၏။
အရှင်ဘုရား စေ့ဆော်မှု စေတနာ မပါသည် ဖြစ်၍ အပြစ် မဖြစ်ပါ၊ ဟု ဥပါလိဆို၏။
အသို့ဆိုလျှင် စေတနာ ပါသော်ကား အသို့နည်း ဟု ဘုရားရှင်မေး၏။
စေတနာ ပါမူကား ကြီးစွာသော အပြစ် ဖြစ်၏၊ ဟု ဥပါလိဆို၏။
စဉ်းစား၍ သင်ပြောလော့ သူကြွယ်၊ သင့်စကားတို့ကား ရှေ့နောက် မညီပေ၊ ယုံကြည်သဖြင့် သင်ဆို၏ ဟု ပြောသည် မဟုတ်လော ဟု ဗုဒ္ဓဆို၏။
အရှင်ဘုရား ဤသို့ဆိုသော်လည်း ကာယဒဏ်သာလျှင် ကြီးသည်၊ ဝစီဒဏ်နှင့် မနောဒဏ်ကား ထိုသို့ မကြီးကြယ်ပေ ဟု ဥပါလိဆို၏။
သို့ဆိုလျှင် ဥပါလိ ဤနာဠန္ဒာမြို့သည် စည်ပင် ဝပြောသည် လူနေထူထပ် စည်ကားသည် မဟုတ်လော၊ ဟု ဘုရားရှင်မေး၏။
မှန်ပါ၏၊ နာဠန္ဒာမြို့သည် စည်ပင်ပါ၏၊ ဝပြောပါ၏၊ လူနေများပြား စည်ကားပါ၏ ဟု ဥပါလိ ဖြေ၏။
ဥပါလိ ယောက်ျားတစ်ယောက်သည် သံလျက်ကို ကိုင်စွဲလျက် ဤနာဠန္ဒာမြို့မှ လူအားလုံးကို တမဟုတ်ချင်း အသားတုံး အစုအပုံ ဖြစ်အောင် လုပ်မည် ဟု ပြောလျှင် ဖြစ်နိုင်ပါမည်လော ဟု ဘုရားရှင်မေး၏။
အရှင်ဘုရား ယောက်ျားတစ်ယောက်သည် တမဟုတ်ချင်း၌ လူ ဆယ်ဦးကို သေစေနိုင်ရာ၏၊ နှစ်ဆယ်ကို သေစေနိုင်ရာ၏၊ သုံးဆယ်ကို သေစေနိုင်ရာ၏၊ လေးဆယ်ကို သေစေနိုင်ရာ၏၊ ငါးဆယ်ကို သေစေနိုင်ရာ၏၊ သို့သော် တစ်မြို့လုံးနှင့် နှိုင်းသော်ကား တစ်ဦးတစ်ယောက်၏ အားသည် မပြောပလောက်ပါ ဟု ဥပါလိ ဆို၏။
ဥပါလိ သို့ဆိုလျှင် စိတ်တန်ခိုးရပြီးသော၊ သမဏ ဗြဟ္မဏသည် စိတ်ဆိုးကာမျှဖြင့် နာဠန္ဒာမြို့ကို ပြာပုံ အတိ ဖြစ်အောင် လုပ်မည်ဟု ဆို၏၊ ဖြစ်နိုင်ပါမည်လော ဟု ဘုရားရှင်မေး၏။
အရှင်ဘုရား တန်ခိုးရှိသော သမဏ ဗြဟ္မဏသည် နာဠန္ဒာမြို့တစ်မြို့မဟုတ် ဆယ်မြို့၊ မြို့နှစ်ဆယ်၊ မြို့သုံးဆယ်၊ မြို့လေးဆယ်၊ မြို့ငါးဆယ်ကို ပြာပုံ ဖြစ်စေနိုင်၏ ဟု ဥပါလိ ဖြေ၏။
စဉ်းစား၍ သင်ပြောလော့ သူကြွယ်၊ သင့်စကားတို့ကား ရှေ့နောက် မညီပေ၊ ယုံကြည်သဖြင့် သင်ဆို၏ ဟု ပြောသည် မဟုတ်လော ဟု ဗုဒ္ဓဆို၏။
အရှင်ဘုရား ဤသို့ဆိုသော်လည်း ကာယဒဏ်သာလျှင် ကြီးသည်၊ ဝစီဒဏ်နှင့် မနောဒဏ်ကား ထိုသို့ မကြီးကြယ်ပေ ဟု ဥပါလိဆို၏။
ဥပါလိ သင်သည် ဒဏ္ဍကီတိုင်း၊ ကာလိင်္ဂတိုင်း၊ မဇ္ဈတိုင်း၊ မာတင်္ဂတိုင်း တို့သည် တောအတိဖြစ်နေ၏ ဟူသောစကား ကြား၏လောဟု ဘုရားရှင်မေး၏။
အရှင်ဘုရား ဒဏ္ဍကီတိုင်း၊ ကာလိင်္ဂတိုင်း၊ မဇ္ဈတိုင်း၊ မာတင်္ဂတိုင်း တို့သည် တောအတိဖြစ်နေ၏ ဟူသောစကား ကြား၏ ဟု ဥပါလိ ဖြေ၏။
ဥပါလိ အဘယ်သော အကြောင်းကြောင့် ဒဏ္ဍကီတိုင်း၊ ကာလိင်္ဂတိုင်း၊ မဇ္ဈတိုင်း၊ မာတင်္ဂတိုင်း တို့သည် တောအတိ ဖြစ်နေသနည်း ဟု ဘုရားရှင် မေး၏။
အရှင်ဘုရား ရသေ့တို့ စိတ်ဆိုးသဖြင့် ဖြစ်ရသည်ဟု ကြားရဘူး၏ ဟု ဥပါလိ ဖြေ၏။
စဉ်းစား၍ သင်ပြောလော့ သူကြွယ်၊ သင့်စကားတို့ကား ရှေ့နောက် မညီပေ၊ ယုံကြည်သဖြင့် သင်ဆို၏ ဟု ပြောသည် မဟုတ်လော ဟု ဗုဒ္ဓဆို၏။
အရှင်ဘုရား ကျွန်ုပ်သည် အဦးဆုံး ဥပမာ၌ပင် သဘောပေါက် နားလည်ပြီး ဖြစ်ပါ၏။ အရှင်ဘုရား၏ ဆန်းကျယ်သော ဟောပြမှုကို နာလိုသေး၍ ဆက်လက် မထီမဲ့ စကားဆိုရပါသည်။
နှစ်သက်ဖွယ်ရှိပါပေ၏၊ နှစ်သက်ဖွယ်ရှိပါပေ၏၊ မှောက်ထားသော ဝတ္ထုကို လှန်သကဲ့သို့၊ ဖုံးထားသော အရာကို လှစ်ဟ ပြသကဲ့သို့၊ မျက်စေ့လည်လျက် လမ်းပြောက်နေသူကို လမ်းပြသကဲ့သို့၊ ညဥ့်၌ ဆီးမီးထွန်းသကဲ့သို့ တရားကို ပြပါ၏။ ကျွန်ုပ်သည် အရှင် ဂေါတမကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ ယနေ့မှစ အသက်ထက်ဆုံး ဥပသကာဟု သတ်မှတ်ပါလော့။ ဟု ဥပါလိ ရိုသေစွာ ဆို၏။
သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်ကဲ့သို့သော သူကြွယ်တို့ စူးစမ်းဆင်ခြင်၍ ပြုခြင်းကား ကောင်း၏ ဟု ဘုရားရှင် ဆို၏။
အရှင်ဘုရားသည် သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်ကဲ့သို့သော သူကြွယ်တို့ စူးစမ်းဆင်ခြင်၍ ပြုခြင်းကား ကောင်း၏ ဟုဆို၏။ ဝမ်းမြောက်ဖွယ် ဖြစ်ပါပေ၏၊ အခြားသော အယူရှိသူ တိတ္ထိတို့သည် ကျွန်ုပ်သို့သော သူကြွယ်ကို တပည့်အဖြစ် ရရှိပါက ဤနာဠန္ဒာမြို့၌ အောင်လံစိုက်ထူရာ၏။ အရှင်ဘုရားမူကား သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်ကဲ့သို့သော သူကြွယ်တို့ စူးစမ်းဆင်ခြင်၍ ပြုခြင်းကား ကောင်း၏ ဟုဆို၏။ ကျွန်ုပ် ဝမ်းမြောက်လှပါ၏။ ကျွန်ုပ်သည် အရှင် ဂေါတမကို နှစ်ကြိမ် မြောက်လည်း ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ ယနေ့မှစ အသက်ထက်ဆုံး ဥပသကာဟု သတ်မှတ်ပါလော့။ ဟု ဥပါလိ ရိုသေစွာ ဆို၏။
ဥပါလိ သင့်အိမ်သည် နိဂဏ္ဌတို့အတွက် နှစ်လရှည်ကြာစွာ ရေတွင်းသဖွယ် ဖြစ်ခဲ့၏။ နိဂဏ္ဌတို့ကို ပြုစုလုပ်ကြွေးရန် အောက်မေ့လော့ ဟု ဘုရားရှင် ဆို၏။
အရှင်ဘုရားသည် သူကြွယ် သင့်အိမ်သည် နိဂဏ္ဌတို့အတွက် နှစ်လရှည်ကြာစွာ ရေတွင်းသဖွယ် ဖြစ်ခဲ့၏။ နိဂဏ္ဌတို့ကို ပြုစုလုပ်ကြွေးရန် အောက်မေ့လော့ ဟုဆို၏။ ဝမ်းမြောက်ဖွယ် ဖြစ်ပါပေ၏၊ အခြားသော အယူရှိသူ တိတ္ထိတို့သည် မိမိ တပည့်မဟုတ်ဟူကို ပြုစုလုပ်ကြွေးခြင်း၌ မနှစ်သက်ကြကုန်။ မိမိတပည့်၌ လုပ်ကြွေးခြင်းသာ ဝမ်းမြောက်ကြကုန်၏။ ယခင်ကာလက ရှင်ဂေါတမသည် ငါ့တပည့်တို့ကို လုပ်ကြွေးခြင်းသာ အကျိုးဖြစ်စေ၏၊ တပါးသော ပုဂ္ဂိုလ်တို့၌ လုပ်ကြွေးခြင်းကား အကျိုးမရှိဟု ဆုံးမသည်ဟု ကြားဘူးပါ၏။ ယခု အရှင်ဘုရားသည် သူကြွယ် သင့်အိမ်သည် နိဂဏ္ဌတို့အတွက် နှစ်လရှည်ကြာစွာ ရေတွင်းသဖွယ် ဖြစ်ခဲ့၏။ နိဂဏ္ဌတို့ကို ပြုစုလုပ်ကြွေးရန် အောက်မေ့လော့ ဟုဆို၏။ ကျွန်ုပ် ဝမ်းမြောက်လှပါ၏။ နောင်အခါလည်း နိဂဏ္ဌတို့၌ ပေးလှူသော ကာလကို အစဉ်သဖြင့် အောက်မေ့ပါမည်။ ကျွန်ုပ်သည် အရှင် ဂေါတမကို သုံးကြိမ် မြောက်လည်း ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ ယနေ့မှစ အသက်ထက်ဆုံး ဥပသကာဟု သတ်မှတ်ပါလော့။ ဟု ဥပါလိ ရိုသေစွာ ဆို၏။
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ်။
ကိုခိုင်
No comments:
Post a Comment