နိဝရဏတရားတို့ကို ကြံခြင်း၊ သုံးသပ်ခြင်းဖြင့် နိဝရဏ ကင်းသည်ဖြစ်၍ ရရှိသော နှစ်သက်ကြည်နူးမှု ပီတိသုခ သည် ပဌမဈာန်
ကြံခြင်း၊ သုံးသပ်ခြင်း ကင်းသည်ဖြစ်၍ တည်ကြည်သောစိတ် သမာဓိမှ ရရှိသော ကြည်နူးမှုသည် ဒုတိယဈာန်
ဖြစ်ပေါ်သော ပီတိကို မတပ်မက်ပဲ အောက်မေ့ ဆင်ခြင် (သတိသမ္ပဇဉ်)လျက် လျစ်လျူ (ဥပေက္ခာ) ပြုလျက် နေခြင်းမှ ရရှိသော ကြည်နူးမှုသည် တတိယဈာန်
ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတို့ ကင်းလျက် ဆင်းရဲချမ်းသာကို ပယ်၍ စင်ကြယ်သောသတိဖြင့် နေခြင်းသည် စတုတ္ထဈာန်
)
Monday, February 23, 2009
နိဝရဏတရား
နိဝရဏတရား ခြောက်ပါး
၁။ ကာမဂုဏ် ငါးပါးကို တောင့်တခြင်း ကာမစ္ဆန္ဒနိဝရဏ
၂။ စိတ်ဓါတ်ယိုယွင်းခြင်း ဗျာပါဒနိဝရဏ
၃။ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓနိဝရဏ
၎။ ပျံ့လွင့်ခြင်းနှင့် နောင်တရခြင်း ဥဒစ္စကုက္ကုစ္စနိဝရဏ
၅။ ယုံမှားခြင်း ဝိစိကိစ္စာနိဝရဏ
၆။ မသိခြင်း အဝိဇ္ဇာနိဝရဏ

Sunday, February 15, 2009
ကံသုံးပါးတွင် မနောကံသည် အရေးအပါဆုံးဟု ဗုဒ္ဓဆို၏
ဗုဒ္ဓနှင့် ဥပါလိ သူကြွယ်
ဗုဒ္ဓသည် နာဠန္ဒာမြို့- ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ နေ၏။
နာဋ၏သား နိဂဏ္ဌသည် ပရိဿတ်တို့နှင့် အတူ နာဠန္ဒာမြို့၌ နေ၏။
တစ်ရက် ဒီဃတပဿီနိဂဏ္ဌသည် နာဠန္ဒာမြို့တွင်း လှည့်လည် ဆွမ်းခံကာ ဆွမ်းစားပြီးသော် သရက် ဥယျာဉ်သို့ဝင်၏။
ဗုဒ္ဓဘုရားကို ဝမ်းမြောက်ဖွယ် နှုတ်ခွန်းဆက် စကားတို့ ဆို၏။
နှုတ်ဆက်ပြီးသော် တစ်နေရာ၌ ရပ်နေ၏။
ဗုဒ္ဓဘုရားက နေရာတွေရှိပါ၏။ ထိုင်ပါဟု ဆို၏။
ဒီဃတပဿီနိဂဏ္ဌသည် နိမ့်သော နေရာ တစ်ခု၌ ထိုင်၏။
ဗုဒ္ဓဘုရားက တပဿီနာဋ၏သား နိဂဏ္ဌသည် မကောင်းမှုပြုခြင်း ကံ ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ဒီဃတပဿီနိဂဏ္ဌက နာဋ၏သား နိဂဏ္ဌသည် ကံ ဟုမဆို။ ဒဏ် ဟုဆို၏ ဟု ပြော၏။
ဗုဒ္ဓဘုရားက တပဿီနာဋ၏သား နိဂဏ္ဌသည် မကောင်းမှုပြုခြင်း ဒဏ် ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ဒီဃတပဿီနိဂဏ္ဌက ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ် ဟု သုံးမျိုး ခွဲ၏ ဟု ဖြေ၏။
ဒဏ်တို့သည် သီးခြားစီလော ဟုမေး၏။
သီးခြားစီဟု ဖြေ၏။
အဘယ်မကောင်းမှုသည် အပြစ်အကြီးဆုံးဟု သတ်မှတ်သနည်းဟု မေး၏။
ကာယဒဏ် မကောင်းမှုသည် အပြစ် အကြီးဆုံးဟု ဖြေ၏။
ကာယဒဏ်ဟု ဆိုသလား ဟုမေး၏။
ကာယဒဏ်ဖြစ်၏ဟု ဖြေ၏။
ကာယဒဏ်ဟု ဆိုသလား ဟုမေးပြန်၏။
ကာယဒဏ်ဖြစ်၏ဟု ဖြေပြန်၏။
ကာယဒဏ်ဟု ဆိုသလား ဟုမေးပြန်၏။
ကာယဒဏ်ဖြစ်၏ဟု ဖြေပြန်၏။ ဤသို့ သုံးကြိမ်တည်၏။
ဒီဃတပဿီနိဂဏ္ဌက ဗုဒ္ဓဘုရားကို မေး၏။ ဗုဒ္ဓဘုရားဖြေ၏။
ငါ့ရှင် ဂေါတမ၊ သင်က မကောင်းမှုပြုခြင်း ဒဏ် ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ဒဏ်ဟုမဆို ကံ ဟုဆို၏ ဟုဖြေ၏။
သို့ဆိုလျှင် ငါ့ရှင် ဂေါတမ၊ သင်က မကောင်းမှုပြုခြင်း ကံ ဘယ်နှစ်ပါး သတ်မှတ်သနည်း ဟု မေး၏။
ကာယကံ၊ ဝစီကံ၊ မနောကံ ဟု သုံးမျိုး ခွဲ၏ ဟု ဖြေ၏။
ကံတို့သည် သီးခြားစီလော ဟုမေး၏။

မနောကံ မကောင်းမှုသည် အပြစ် အကြီးဆုံးဟု ဖြေ၏။
မနောကံ ဟု ဆိုသလား ဟုမေး၏။
မနောကံ ဖြစ်၏ဟု ဖြေ၏။
မနောကံ ဟု ဆိုသလား ဟုမေး၏။
မနောကံ ဖြစ်၏ဟု ဖြေ၏။
မနောကံ ဟု ဆိုသလား ဟုမေး၏။
မနောကံ ဖြစ်၏ဟု ဖြေ၏။ ဤသို့ သုံးကြိမ်တည်၏။
ဒီဃတပဿီနိဂဏ္ဌသည် ဗုဒ္ဓဘုရားထံမှ ပြန်သော် နာဋ၏သား နိဂဏ္ဌထံ ဝင်၏။
နာဋ၏သား နိဂဏ္ဌသည် ဥပါလိသူကြွယ် အမှူးပြုသော ဗာလကိနိ ရွာသားတို့နှင့် နေ၏။ အဝေးမှလာသော ဒီဃတပဿီကို မြင်၏။ နေ့ခင်းကြောင်တောင် အဘယ်တွက် လာသနည်း မေးလျက် နှုတ်ဆက်၏။
ဒီဃတပဿီက ဂေါတမဗုဒ္ဓထံမှလာ၏ ဟု ဖြေ၏။ စကားဆိုခဲ့သလော မေး၏။ ဆိုခဲ့၏ ဟု ဖြေ၏။ ပြောခဲ့သော စကား အလုံးစုံကို ပြန်ပြောပြ၏။
နာဋ၏သား နိဂဏ္ဌက ဒီဃတပဿီကို ကောင်းစွ၊ ကောင်းစွ၊ ဆရာ၏ သင်ပြမှုကို ကောင်းစွာသိသော တပည့်ပီသပေစွ။ကြီးသော ကာယဒဏ်ကို ယှဉ်၍ မနောဒဏ်မှာ အဘယ်လျှင် ပြောပလောက်မည်နည်း။ ဟု ဆို၏။
ဥပါလိ သူကြွယ်က အရှင် တပဿီ ကောင်းစွ၊ ကောင်းစွ၊ ဆရာ၏ သင်ပြမှုကို ကောင်းစွာသိသော တပည့်ပီသပေစွ။ကြီးသော ကာယဒဏ်ကို ယှဉ်၍ မနောဒဏ်မှာ အဘယ်လျှင် ပြောပလောက်မည်နည်း။ ယခုပင် ကျွန်ုပ် သွား၍ ရဟန်း ဂေါတမကို အပြစ်ဆိုချေမည်။ စကားအရာတွင် အရှင်ဒီဃတပဿီတွင်ကဲ့သို့ ကျွန်ုပ်ထံ တည်ပါက အမွှေးရှည်သော သိုးကို အားရှိသော ယောက်ျားက ကိုင်ဆွဲသလို၊ ဆွဲယမ်းသလို ဂေါတမ၏ ဝါဒကို ကိုင်ဆွဲမည်၊ ဆွဲယမ်းမည် ဟု ဆို၏။ သေတင်းကုတ်၌ အမှုလုပ် ယောက်ျားသည် ဖျာကို ရေနက်သော ကန်၌ ချ၍ ဆေးသကဲ့သို့ ဆွဲယမ်း၊ ကိုင်မြှောက်မည်။ သေသောက်ကြူးသည် ခွက်ကို ချ၍၊ မြှောက်၍၊ လှုပ်၍ ကစားသကဲ့သို့ ချ၍၊ မြှောက်၍၊ လှုပ်၍ ကစားမည်။ ရဟန်း ဂေါတမကို အပြစ်တင်ချေမည် ဟုဆို၏။
ဥပါလိ သွားလော့။ ရဟန်းဂေါတမကို အပြစ် တင်ချေလော့။ ငါသော်လည်းကောင်း၊ သင်သော်လည်းကောင်း၊ ဒီဃ တပဿီ သော်လည်းကောင်း အပြစ်ဆိုသင့်လှ၏ဟု နာဋ၏သား နိဂဏ္ဌ ဆို၏။
တပဿီက ဥပါလိ မသွားသင့်၊ ရဟန်းဂေါတမသည် လှည့်ဖျားတတ်၏၊ စိတ်ညှို့တတ်၏၊ အယူတခြားဖြစ်သူတို့၏ တပည့်တို့ကို ညှို့ယူ လှည့်ဖျားတတ်၏။ ဟုဆို၏။
နာဋ၏သား နိဂဏ္ဌက ဥပါလိသည် ရဟန်းဂေါတမ၏ တပည့် မဖြစ်နိုင်၊ ဂေါတမသာ ဥပါလိ၏ တပည့် ဖြစ်စေနိုင်၏။ ဥပါလိ သွားလော့၊ အပြစ်ဆိုချေလော့ ဟုဆို၏။
တပဿီက နှစ်ကြိမ်မြောက် ဥပါလိ မသွားသင့်၊ ရဟန်းဂေါတမသည် လှည့်ဖျားတတ်၏၊ စိတ်ညှို့တတ်၏၊ အယူတခြားဖြစ်သူတို့၏ တပည့်တို့ကို ညှို့ယူ လှည့်ဖျားတတ်၏။ ဟုဆို၏။

တပဿီက သုံးကြိမ်မြောက် ဥပါလိ မသွားသင့်၊ ရဟန်းဂေါတမသည် လှည့်ဖျားတတ်၏၊ စိတ်ညှို့တတ်၏၊ အယူတခြားဖြစ်သူတို့၏ တပည့်တို့ကို ညှို့ယူ လှည့်ဖျားတတ်၏။ ဟုဆို၏။

ဥပါလိသည် ဗုဒ္ဓဘုရားနေရာ ပါဝါရိက သရက်ဥယျာဉ်သို့ သွား၍ တွေ့ဆုံ၏။
ရိုသေစွာ ရှိခိုးလျက် နေရာတွင် ထိုင်ပြီးသော် ဒီဃတပဿီနိဂဏ္ဌ လာပါသလော ဟုမေး၏။
ဘုရားရှင်က လာ၏ ဟု ဆို၏။
အဘယ်စကားများ ဆိုကြသနည်း မေး၏။
ဆိုခဲ့သော အလုံးစုံသော စကားတို့ကို ပြောပြ၏။
ဥပါလိက အရှင်ဘုရား တပဿီကား ကောင်းလှပေစွ၊ တော်လှပေစွ၊ ဆရာ့စကား၌ ကောင်းစွာသိသော တပည့်ပီသစွာ ဆိုပေစွ၊ ကြီးသော သဘောရှိသော ကာယဒဏ်နှင့် ယှဉ်သော် ဝစီဒဏ်နှင့် မနောဒဏ်ကား မပြောပလောက်ပါပေ ဟု ဆို၏။
ဗုဒ္ဓဘုရားက ဥပါလိ သင်သည် ကောင်းစွာ ယုံကြည်သဖြင့် ဆိုပါမူ ဆွေးနွေးဖွယ် စကား ဖြစ်၏ ဟု ဆို၏။
အရှင် ကျွန်ုပ် ကောင်းစွာ ယုံကြည်သဖြင့် ဆို၏ စကားဆွေးနွေးခြင်းကို ပြုပါလော့ ဟု ဥပါလိ ရိုသေစွာ ဆို၏။
ဥပါလိ နိဂဏ္ဌ တစ်ဦး သည် အနာစွဲကပ်၏၊ ပင်းပန်း၏၊ ရေအေးကို ပယ်၍ ရေနွေးကိုသာ သုံး၏၊ ထိုနိဂဏ္ဌသည် ရေအေး မရသော် သေ၏၊ နာဋ၏သား နိဂဏ္ဌသည် ဤသေသူ နိဂဏ္ဌကို အဘယ်အရပ်၌ ဖြစ်သည်ဟု သတ်မှတ် သနည်း ဟု ဘုရားရှင်မေး၏။
စိတ်စွဲလျက်သေသူတို့ဖြစ်သောနတ်ရှိ၏၊ ထိုနိဂဏ္ဌသည် စိတ်စွဲလျက်သေသဖြင့် ထိုနတ်မျိုး၌ ဖြစ်၏ ဟု သတ်မှတ်ပါသည်။
စဉ်းစား၍ သင်ပြောလော့ သူကြွယ်၊ သင့်စကားတို့ကား ရှေ့နောက် မညီပေ၊ ယုံကြည်သဖြင့် သင်ဆို၏ ဟု ပြောသည် မဟုတ်လော ဟု ဗုဒ္ဓဆို၏။
အရှင်ဘုရား ဤသို့ဆိုသော်လည်း ကာယဒဏ်သာလျှင် ကြီးသည်၊ ဝစီဒဏ်နှင့် မနောဒဏ်ကား ထိုသို့ မကြီးကြယ်ပေ ဟု ဥပါလိဆို၏။
သို့ဆိုလျှင် ဥပါလိ နာဋ၏သား နိဂဏ္ဌသည် စောင့်စည်းခြင်း လေးမျိုးထိန်း၏၊ ရေအေး အလုံးစုံကို ပယ်၏၊ မကောင်းမှု တားမြစ်ရန် အားထုတ်၏၊ မကောင်းမှု တားမြစ်ခြင်း၌ နှစ်မြှုတ်ထား၏၊ မကောင်းမှု တားမြစ်ခြင်းဖြင့် ပြန့်နှံ့၏။ ထိုနာဋ၏ သား ရှေ့သို့သွားသော်၊ နောက်သို့သွားသော် သတ္တဝါ ထောင်သောင်းသည် သေရာ၏။ ဤအကျိုးကို မည်သို့ သတ်မှတ်သနည်း၊ ဟု ဘုရားရှင်မေး၏။
အရှင်ဘုရား စေ့ဆော်မှု စေတနာ မပါသည် ဖြစ်၍ အပြစ် မဖြစ်ပါ၊ ဟု ဥပါလိဆို၏။
အသို့ဆိုလျှင် စေတနာ ပါသော်ကား အသို့နည်း ဟု ဘုရားရှင်မေး၏။
စေတနာ ပါမူကား ကြီးစွာသော အပြစ် ဖြစ်၏၊ ဟု ဥပါလိဆို၏။

သို့ဆိုလျှင် ဥပါလိ ဤနာဠန္ဒာမြို့သည် စည်ပင် ဝပြောသည် လူနေထူထပ် စည်ကားသည် မဟုတ်လော၊ ဟု ဘုရားရှင်မေး၏။
မှန်ပါ၏၊ နာဠန္ဒာမြို့သည် စည်ပင်ပါ၏၊ ဝပြောပါ၏၊ လူနေများပြား စည်ကားပါ၏ ဟု ဥပါလိ ဖြေ၏။
ဥပါလိ ယောက်ျားတစ်ယောက်သည် သံလျက်ကို ကိုင်စွဲလျက် ဤနာဠန္ဒာမြို့မှ လူအားလုံးကို တမဟုတ်ချင်း အသားတုံး အစုအပုံ ဖြစ်အောင် လုပ်မည် ဟု ပြောလျှင် ဖြစ်နိုင်ပါမည်လော ဟု ဘုရားရှင်မေး၏။
အရှင်ဘုရား ယောက်ျားတစ်ယောက်သည် တမဟုတ်ချင်း၌ လူ ဆယ်ဦးကို သေစေနိုင်ရာ၏၊ နှစ်ဆယ်ကို သေစေနိုင်ရာ၏၊ သုံးဆယ်ကို သေစေနိုင်ရာ၏၊ လေးဆယ်ကို သေစေနိုင်ရာ၏၊ ငါးဆယ်ကို သေစေနိုင်ရာ၏၊ သို့သော် တစ်မြို့လုံးနှင့် နှိုင်းသော်ကား တစ်ဦးတစ်ယောက်၏ အားသည် မပြောပလောက်ပါ ဟု ဥပါလိ ဆို၏။
ဥပါလိ သို့ဆိုလျှင် စိတ်တန်ခိုးရပြီးသော၊ သမဏ ဗြဟ္မဏသည် စိတ်ဆိုးကာမျှဖြင့် နာဠန္ဒာမြို့ကို ပြာပုံ အတိ ဖြစ်အောင် လုပ်မည်ဟု ဆို၏၊ ဖြစ်နိုင်ပါမည်လော ဟု ဘုရားရှင်မေး၏။
အရှင်ဘုရား တန်ခိုးရှိသော သမဏ ဗြဟ္မဏသည် နာဠန္ဒာမြို့တစ်မြို့မဟုတ် ဆယ်မြို့၊ မြို့နှစ်ဆယ်၊ မြို့သုံးဆယ်၊ မြို့လေးဆယ်၊ မြို့ငါးဆယ်ကို ပြာပုံ ဖြစ်စေနိုင်၏ ဟု ဥပါလိ ဖြေ၏။

ဥပါလိ သင်သည် ဒဏ္ဍကီတိုင်း၊ ကာလိင်္ဂတိုင်း၊ မဇ္ဈတိုင်း၊ မာတင်္ဂတိုင်း တို့သည် တောအတိဖြစ်နေ၏ ဟူသောစကား ကြား၏လောဟု ဘုရားရှင်မေး၏။
အရှင်ဘုရား ဒဏ္ဍကီတိုင်း၊ ကာလိင်္ဂတိုင်း၊ မဇ္ဈတိုင်း၊ မာတင်္ဂတိုင်း တို့သည် တောအတိဖြစ်နေ၏ ဟူသောစကား ကြား၏ ဟု ဥပါလိ ဖြေ၏။
ဥပါလိ အဘယ်သော အကြောင်းကြောင့် ဒဏ္ဍကီတိုင်း၊ ကာလိင်္ဂတိုင်း၊ မဇ္ဈတိုင်း၊ မာတင်္ဂတိုင်း တို့သည် တောအတိ ဖြစ်နေသနည်း ဟု ဘုရားရှင် မေး၏။
အရှင်ဘုရား ရသေ့တို့ စိတ်ဆိုးသဖြင့် ဖြစ်ရသည်ဟု ကြားရဘူး၏ ဟု ဥပါလိ ဖြေ၏။

အရှင်ဘုရား ကျွန်ုပ်သည် အဦးဆုံး ဥပမာ၌ပင် သဘောပေါက် နားလည်ပြီး ဖြစ်ပါ၏။ အရှင်ဘုရား၏ ဆန်းကျယ်သော ဟောပြမှုကို နာလိုသေး၍ ဆက်လက် မထီမဲ့ စကားဆိုရပါသည်။
နှစ်သက်ဖွယ်ရှိပါပေ၏၊ နှစ်သက်ဖွယ်ရှိပါပေ၏၊ မှောက်ထားသော ဝတ္ထုကို လှန်သကဲ့သို့၊ ဖုံးထားသော အရာကို လှစ်ဟ ပြသကဲ့သို့၊ မျက်စေ့လည်လျက် လမ်းပြောက်နေသူကို လမ်းပြသကဲ့သို့၊ ညဥ့်၌ ဆီးမီးထွန်းသကဲ့သို့ တရားကို ပြပါ၏။ ကျွန်ုပ်သည် အရှင် ဂေါတမကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ ယနေ့မှစ အသက်ထက်ဆုံး ဥပသကာဟု သတ်မှတ်ပါလော့။ ဟု ဥပါလိ ရိုသေစွာ ဆို၏။
သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်ကဲ့သို့သော သူကြွယ်တို့ စူးစမ်းဆင်ခြင်၍ ပြုခြင်းကား ကောင်း၏ ဟု ဘုရားရှင် ဆို၏။
အရှင်ဘုရားသည် သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်ကဲ့သို့သော သူကြွယ်တို့ စူးစမ်းဆင်ခြင်၍ ပြုခြင်းကား ကောင်း၏ ဟုဆို၏။ ဝမ်းမြောက်ဖွယ် ဖြစ်ပါပေ၏၊ အခြားသော အယူရှိသူ တိတ္ထိတို့သည် ကျွန်ုပ်သို့သော သူကြွယ်ကို တပည့်အဖြစ် ရရှိပါက ဤနာဠန္ဒာမြို့၌ အောင်လံစိုက်ထူရာ၏။ အရှင်ဘုရားမူကား သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်ကဲ့သို့သော သူကြွယ်တို့ စူးစမ်းဆင်ခြင်၍ ပြုခြင်းကား ကောင်း၏ ဟုဆို၏။ ကျွန်ုပ် ဝမ်းမြောက်လှပါ၏။ ကျွန်ုပ်သည် အရှင် ဂေါတမကို နှစ်ကြိမ် မြောက်လည်း ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ ယနေ့မှစ အသက်ထက်ဆုံး ဥပသကာဟု သတ်မှတ်ပါလော့။ ဟု ဥပါလိ ရိုသေစွာ ဆို၏။
ဥပါလိ သင့်အိမ်သည် နိဂဏ္ဌတို့အတွက် နှစ်လရှည်ကြာစွာ ရေတွင်းသဖွယ် ဖြစ်ခဲ့၏။ နိဂဏ္ဌတို့ကို ပြုစုလုပ်ကြွေးရန် အောက်မေ့လော့ ဟု ဘုရားရှင် ဆို၏။
အရှင်ဘုရားသည် သူကြွယ် သင့်အိမ်သည် နိဂဏ္ဌတို့အတွက် နှစ်လရှည်ကြာစွာ ရေတွင်းသဖွယ် ဖြစ်ခဲ့၏။ နိဂဏ္ဌတို့ကို ပြုစုလုပ်ကြွေးရန် အောက်မေ့လော့ ဟုဆို၏။ ဝမ်းမြောက်ဖွယ် ဖြစ်ပါပေ၏၊ အခြားသော အယူရှိသူ တိတ္ထိတို့သည် မိမိ တပည့်မဟုတ်ဟူကို ပြုစုလုပ်ကြွေးခြင်း၌ မနှစ်သက်ကြကုန်။ မိမိတပည့်၌ လုပ်ကြွေးခြင်းသာ ဝမ်းမြောက်ကြကုန်၏။ ယခင်ကာလက ရှင်ဂေါတမသည် ငါ့တပည့်တို့ကို လုပ်ကြွေးခြင်းသာ အကျိုးဖြစ်စေ၏၊ တပါးသော ပုဂ္ဂိုလ်တို့၌ လုပ်ကြွေးခြင်းကား အကျိုးမရှိဟု ဆုံးမသည်ဟု ကြားဘူးပါ၏။ ယခု အရှင်ဘုရားသည် သူကြွယ် သင့်အိမ်သည် နိဂဏ္ဌတို့အတွက် နှစ်လရှည်ကြာစွာ ရေတွင်းသဖွယ် ဖြစ်ခဲ့၏။ နိဂဏ္ဌတို့ကို ပြုစုလုပ်ကြွေးရန် အောက်မေ့လော့ ဟုဆို၏။ ကျွန်ုပ် ဝမ်းမြောက်လှပါ၏။ နောင်အခါလည်း နိဂဏ္ဌတို့၌ ပေးလှူသော ကာလကို အစဉ်သဖြင့် အောက်မေ့ပါမည်။ ကျွန်ုပ်သည် အရှင် ဂေါတမကို သုံးကြိမ် မြောက်လည်း ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ ယနေ့မှစ အသက်ထက်ဆုံး ဥပသကာဟု သတ်မှတ်ပါလော့။ ဟု ဥပါလိ ရိုသေစွာ ဆို၏။
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ်။
ကိုခိုင်

Tuesday, February 10, 2009
အတင်းပြောခြင်းကို ဘုရားရှင် ဤသို့ဆုံးဖြတ်၏
သီလက္ခန်ပါဠိတော်၊ ဗြဟ္မဇာလသုတ်၊ ပရိဗ္ဗာဖကကထာ
၅။ ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြလျှင် သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မချမ်းခြင်း မဖြစ်စေသင့်။
ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြရာ၌ သင်တို့သည် အမြက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။
ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြရာ၌ အမြက်ထွက်ကြလျှင် သင်တို့သည် သူတပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။
ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။

လောက၏ ပရိယာယ်ကို ဗုဒ္ဓ ဤသို့ဆို၏ (ပုထုဇဉ်)
မဇ္ဈိမနိကာယ၊ မူလပရိယာယဝဂ္ဂ
၂။ လောက၌ အရိယာကို ဖူးတွေ့လေ့မရှိ၊ အရိယာ တရားကို မလိမ္မာ၊ အရိယာ တရား၌ မယဉ်ကျေး၊ သူတော်ကောင်းတို့ကို ဖူးတွေ့လေ့မရှိ၊ သူတော်ကောင်းတို့ တရားကို မလိမ္မာ၊ သူတော်ကောင်းတို့ တရား၌ မယဉ်ကျေး၊ အကြားအမြင် မရှိသူ ပုထုဇဉ်သည် မြေကို မြေဟုမှတ်၏။ မြေကို မြေဟုမှတ်၍ မြေကို ကြံ၏။ မြေ၌ကြံ၏။ မြေမှကြံ၏။ မြေကို ငါ့ဟာဟု ကြံ၏။ မြေကို ရှေးရှု နှစ်သက်၏။ ထိုသို့ဖြစ်ရခြင်းမှာ ထိုသူသည် ပိုင်းခြားမသိ၍ ဖြစ်၏။
ရေ။ မီး။ လေ။ သတ္တဝါ။ နတ်။ မာရ်နတ်။ ဗြဟ္မာ။ အာဘဿရဗြဟ္မာ။ သုဘကိဏှဗြဟ္မာ။ ဝေဟေပ္ဖိုလ်ဗြဟ္မာ။ အဘိဘူဗြဟ္မာ။ အာကာသာနဉ္စ ယတနဗြဟ္မာ။ ဝိညာနဉ္စာယတန ဗြဟ္မာ။ အာကိဉ္စညာ ယတန ဗြဟ္မာ။ နေဝသညာနာသညာ ယတန ဗြဟ္မာ။ မြင်တွေ့သော အဆင်း။ ကြားသော အသံ။ တွေ့ထိသော အနံ့ အရသာ။ တွေးသိသော အာရုံ။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်)။ အထူးအထူးဖြစ်ခြင်း (ကာမ)။ အလုံးစုံ။ နိဗ္ဗာန်။

သီလနိမ့်သူတို့က ဂေါတမ ဘုရားကို ဤသို့ဆိုကြမည်
သီလနိမ့်သူတို့က ဂေါတမ ဘုရားကို ဤသို့ဆိုကြမည်။
ရဟန်းဂေါတမသည်-
အသက်သတ်ခြင်းကို ပယ်၏။ ရှောင်ကြဉ်၏။
တုတ်/လက်နက်ကို ချထားပြီးဖြစ်၏။
ရှက်ခြင်း၊ သနားခြင်းရှိ၏။
သတ္တဝါတို့၏ အစီးအပွားကို လိုလား၏။
ရဟန်းဂေါတမသည်-
မပေးသည်ကို ယူခြင်းကို ပယ်၏။ ရှောင်ကြဉ်၏။
ပေးသည်ကိုသာယူ၏။ ပေးသည်ကိုသာ လိုလား၏။
မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေ၏။
ရဟန်းဂေါတမသည်-
မမြတ်သော / ယုတ်သော အကျင့်ကို ပယ်၏။ မြတ်သော အကျင့် ကို ကျင့်၏။
ရွာသူတို့ဓလေ့ မေထုံအကျင့်ကို ပယ်၏။
ရဟန်းဂေါတမသည်-
မမှန်စကား ပယ်၏။ ရှောင်ကြဉ်၏။
အမှန်ဆို၏။ မှန်သော စကားခြင်း ဆက်စပ်၏။
တည်သော၊ ယုံထိုက်သော စကားဆို၏။
လောကကို မလှည့်စား။
ရဟန်းဂေါတမသည်-
ကုန်းချောခြင်းကို ပယ်၏။ ရှောင်ကြဉ်၏။
ကွဲပြား စေသော စကား သယ်ပို့ခြင်းကို ရှောင်၏။
ကွဲပြားနေလျှင် စေ့စပ်ပေး၏။
ညီညွတ်ခြင်းကို အားပေး၊ မွေ့လျော်၊ ပျော်ပိုက်၊ နှစ်သက်၏။
ညီညွတ်စေသော စကားကို ဆို၏။
ရဟန်းဂေါတမသည်-
ကြမ်းသောစကားကို ပယ်၏။ ရှောင်ကြဉ်၏။
အပြစ်ကင်းသော၊ ချိုသာသော၊ နှစ်လိုဖွယ်သော၊ နှလုံးခိုက်ဖွယ်သော၊ ယဉ်ကျေးသော၊ လူအများ နှစ်သက်သော စကားကို ဆို၏။
ရဟန်းဂေါတမသည်-
ပြိန်ဖျင်းသော စကားကို ပယ်၏။ ရှောင်ကြဉ်၏။
စကားကို လိုမှသာ ဆို၏။ အဟုတ်ကိုသာ ဆို၏။
အကျိုးဖြစ်စေသော၊ တရားနှင့် ယှဉ်သော၊ အဆုံးအမနှင့် ယှဉ်သော စကားကိုသာ ဆို၏။
လိုအပ်လာပါက ကျိုးကြောင်းညီညွတ်သော၊ အကျိုးဖြစ်စေသော၊ မှတ်သားဖွယ်သော စကားကို ဆို၏။
ရဟန်းဂေါတမသည်-
မျိုးစေ့များ၊ အပင်များကို မဖျက်ဆီး။
တစ်နပ်သာစား၏။ ညစာမစား။ နေလွဲမစား။
ရဟန်းဂေါတမသည်-
ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းကို မပြု။
သူတော်ကောင်းတရား၏ ဆူးညှေင့်ဖြစ်သော (ပွဲ)ကြည့်ခြင်း မပြု။
ရဟန်းဂေါတမသည်-
ပန်းပန်ခြင်း၊ နံ့သာခြယ်လိမ်းခြင်းမှ ရှောင်၏။
မြတ်သော နေရာကို ရှောင်၏။
ရွှေငွေ၊ ကောက်စိမ်းကို မခံယူ။
အသားစိမ်းကို မခံယူ။
မိန်းမ ပျို/အိုကို မခံယူ။
ကျွန် ကျား/မကို မခံယူ။
ဆိတ်နှင့်သိုးကို မခံယူ။
ကြက်/ဝက်ကို မခံယူ။
ဆင်/နွား/မြင်း/မြည်းကို မခံယူ။
လယ်/ယာကို မခံယူ။
တမန်အမှု၊ အစေအပါးအမှု မဆောက်ရွက်။
ဝယ်မှု၊ ရောင်းမှု မဆောင်ရွက်။
ချိန်စဉ်းလဲ၊ ငွေစဉ်းလဲ၊ တိုင်းတာချင်တွယ်စဉ်းလဲ ရှောင်၏။
တံစိုးယူ၊ လှည့်ဖျား၊ အတုလုပ်၊ လိမ်ခြင်း စသော ကောက်ကျစ်ခြင်းတို့ကို ရှောင်၏။
ဖြတ်၊ သတ်၊ နှောင်ဖွဲ့၊ လု၊ ဖျက်၊ ဓါးပြတိုက်ခြင်း ရှောင်၏။
စူဠသီလ၊ ဗြဟ္မဇာလ၊ သိလက္ခန်ပါဠိ။

ပျက်စီး ဆုတ်ယုတ်နေသော ယောက်ျား အကြောင်း
ပျက်စီး ဆုတ်ယုတ်နေသော ယောက်ျား အကြောင်း
၁။ တရားကို လိုလားတောင့်တသူသည် ကြီးပွါးရ၏၊ တရားကို မလိုလား မတောင့်တ မုန်းထားသူသည် ပျက်စီးရ၏။
၂။ သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုး၏၊ သူတော်ကောင်းတို့ကို ချစ်ခင်မြတ်နိုးမှု မပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုး၏၊ ထိုသုံးမျိုးသည် ပျက်စီး ဆုတ်ယုတ်ကြောင်း ပေတည်း။
၃။ အိပ်စက် ငိုက်မျဉ်းလေ့ရှိသူ၊ အပေါင်းအဖော်၌ မွေ့လျော်လေ့ ရှိသူ၊ စကားပြောမှု၌ မွေ့လျော်လေ့ ရှိသူ၊ နိုးကြားထကြွမှုမရှိ ပျင်းရိသူ၊ လျင်စွာ အမျက်ထွက်လေ့ရှိသူ၊ ထိုသူ၏ ထိုအကြောင်းငါးမျိုးသည် ပျက်စီးဆုတ်ယုတ် ကြောင်းပေတည်း။
၎။ အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကို လည်းကောင်း၊ အဖကို လည်းကောင်း ကျွေးမွေးပြုစု နိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး မပြုစုပေ၊ ထိုသူ၏ မကျွေးမွေး မပြုစုခြင်းသည် ပျက်စီး ဆုတ်ယုတ် ကြောင်းတည်း။
၅။ ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကို လည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက် မုသား ပြောဆိုခြင်း ဖြင့် လှည့်ပတ်၏၊ ထိုသူ၏ ထိုလှည့်ပတ်ခြင်းသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။
၆။ များသော စည်းစိမ်ရှိသူ အသပြာရှိသူ စားဖွယ်နှင့် ပြည့်စုံသူ ဖြစ်ပါလျက် ကောင်းမြတ်သော ဘောဇဉ်တို့ကို တစ်ယောက်တည်း စားသုံး၏၊ ထိုသူ၏ ထိုစားသုံးခြင်းသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။
၇။ အမျိုး (ဇာတိ) မာန် ခက်ထန်၏၊ ဥစ္စာ (ဓန) မာန်ခက် ထန်၏၊ အနွယ် (ဂေါတ္တ) မာန်ခက်ထန်၏၊ မိမိဆွေမျိုးကိုလည်း မထီမဲ့မြင် ပြု၏၊ ထိုသူ၏ ထိုအကြောင်းလေးမျိုးသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။
၈။ မိန်းမကြူး သေသောက်ကြူး လောင်းကစားကြူးသည်ဖြစ်၍ ရတိုင်း ရတိုင်း သော ဥစ္စာကို ဖျက်ဆီး၏၊ ထိုသူ၏ ထိုအကြောင်းသုံးမျိုးသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။
၉။ မိမိမယားဖြင့် မရောင့်ရဲဘဲ ပြည့်တန်ဆာမတို့၌ ပြစ်မှား၏၊ သူတစ်ပါး မယားတို့၌ ပြစ်မှား၏၊ ထိုအကြောင်းနှစ်မျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
၁၀။ အရွယ်လွန်ပြီးသော ယောက်ျားသည် တည်သီးသဖွယ် ငယ်သော သားမြတ်ရှိသော မိန်းမငယ်ကို သိမ်းမြန်း ဆောင်ယူ အိမ်သူ ပြုလုပ်၏၊ ထိုမိန်းမငယ်အား (ယောက်ျားတစ်ပါးအတွက်) စိတ်မချရသောကြောင့် မအိပ်နိုင်၊ ထိုမအိပ် နိုင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။
၁၁။ ငါး အမဲစသော အစားအစာတို့၌ မက်မောသော သဘောရှိသော (ဥစ္စာကို) စည်းကမ်းမဲ့ ဖရိုဖရဲ ပြုတတ်သော မိန်းမကိုသော် လည်းကောင်း ထိုသို့ သဘောရှိသော ယောက်ျား ကိုသော် လည်းကောင်း အိမ်ထောင်ထိန်း အရာ၌ ထား၏၊ ထိုသူ၏ ထိုအကြောင်းသည် ပျက်စီး ဆုတ်ယုတ် ကြောင်းတည်း။
၁၂။ ဥစ္စာနည်း၍ စည်းစိမ်ဥစ္စာတို့၌ တပ်မက်မှု ကြီးမား၏၊ မင်းမျိုး၌လည်း ဖြစ်၏၊ ထိုသူသည်ကား မင်းအဖြစ်ကို တောင့်တ၏၊ ထိုသူ၏ ထို အကြောင်းသည် ပျက်စီး ဆုတ်ယုတ် ကြောင်းတည်း။

Subscribe to:
Posts (Atom)