အမြဲတမ်းအလှူဖြစ်သော မျိုးရိုးစဉ်ဆက်ယဇ်အလှူ
၃၄၉။ အသျှင်ဂေါတမ သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ထက် ကိစ္စနည်းသော အားထုတ်ရမှု နည်းသော အကျိုးလည်းပိုများသော အာနိသင်လည်းပိုသော ယဇ်သည် ရှိပါသေး သလား။
ပုဏ္ဏား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့် ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ထက် ကိစ္စနည်းသော အားထုတ်ရမှု နည်းသော အကျိုးလည်းပိုများသော အာနိသင်လည်းပိုသော ယဇ်သည် ရှိသေး၏။
အဘယ်ပါနည်း။
ပုဏ္ဏား သီလရှိသော ရဟန်းတို့အား ရည်ညွှန်း၍ အမြဲတမ်းလှူနေသော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) တို့သည် သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယင်းယဇ်ထက် ကိစ္စလည်း နည်း၏၊ အားထုတ်ရမှုလည်း နည်း၏၊ အကျိုးလည်း ပိုများ၏၊ အာနိသင်လည်း ပို၏။
အသျှင်ဂေါတမ အမြဲတမ်းအလှူဖြစ်သော ထိုမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) သည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယင်းယဇ်ထက် အဘယ်ကြောင့် ကိစ္စလည်း နည်း၊ အားထုတ်ရမှုလည်း နည်း၊ အကျိုးလည်း ပိုများ၊ အာနိသင်လည်း ပို ရပါသနည်း။
ပုဏ္ဏား ဤသုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ပွဲသို့ ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မလာရောက်ကြ၊ အကြောင်းကား ပုဏ္ဏား ယင်းယဇ် (ပွဲ) ၌ တုတ်ဖြင့် ရိုက်ပုတ်ခြင်း၊ လည်ကို ဆွဲကိုင်ခြင်းတို့သည် ရှိ၏၊ ထို့ကြောင့် ဤယဇ်ပွဲသို့ ရဟန္တာတို့သည် လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည် လည်းကောင်း မလာရောက်ကြပေ။ ပုဏ္ဏား သီလရှိသော ရဟန်းတို့ကို ရည်ညွှန်း၍ အမြဲတမ်း လှူနေသော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) သို့ ရဟန္တာတို့သည် လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည် လည်းကောင်း ကြွရောက်ကြ၏၊ အကြောင်းကား ပုဏ္ဏား ဤယဇ် (အလှူ) ၌ တုတ်ဖြင့် ရိုက်ပုတ်ခြင်း၊ လည်ကို ဆွဲကိုင်ခြင်းတို့သည် မရှိ၊ ထို့ကြောင့် ဤယဇ် (အလှူ) သို့ ရဟန္တာတို့သည် လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည် လည်းကောင်း ချဉ်းကပ်ကုန်၏၊ ပုဏ္ဏား အမြဲတမ်း အလှူဖြစ်သော ထို မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) သည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယင်းယဇ်ထက် ဤအကြောင်းကြောင့် ကိစ္စနည်း၏ အားထုတ်ရမှု နည်း၏ အကျိုးလည်းပိုများ၏ အာနိသင်လည်းပို၏။
အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတား ရှိသည့် ပြည့်စုံသော ဤယဇ်ထက် လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက် လည်းကောင်း ကိစ္စနည်းသော အားထုတ်ရမှု နည်းသော အကျိုးလည်းပိုများသော အာနိသင်လည်းပိုသော အခြားယဇ်သည် ရှိပါသေး သလား။
ပုဏ္ဏား ရှိသေး၏။
အသျှင်ဂေါတမ အဘယ် ပါနည်း။
ပုဏ္ဏား အရပ်လေးမျက်နှာရှိ သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်၏၊ ပုဏ္ဏား ဤယဇ် (ကျောင်းအလှူ) သည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း ကိစ္စနည်း၏ အားထုတ်ရမှု နည်း၏ အကျိုးလည်းပိုများ၏ အာနိသင်လည်းပို၏။
အသျှင်ဂေါတမ ဤယဇ်တို့ထက် ကိစ္စနည်းသော အားထုတ်ရမှု နည်းသော အကျိုးလည်းပိုများသော အာနိသင်လည်းပိုသော အခြားယဇ်သည် ရှိပါသေး သလား။
ပုဏ္ဏား ရှိပါသေး၏။
အသျှင်ဂေါတမ အဘယ်ပါနည်း။
ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ - ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ ပုဏ္ဏား (ထိုသူ၏) ဤယဇ် (ကိုးကွယ်ရာဟုဆည်းကပ်မှု)သည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက် ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော မျိုးရိုး စဉ်ဆက်ယဇ် (အလှူ) ထက်လည်းကောင်း၊ ကျောင်းအလှူထက် လည်းကောင်း ကိစ္စနည်း၏ အားထုတ်ရမှု နည်း၏ အကျိုးလည်းပိုများ၏ အာနိသင်လည်းပို၏။
အသျှင်ဂေါတမ ကိစ္စနည်းသော အားထုတ်ရမှု နည်းသော အကျိုးလည်းပိုများသော အာနိသင်လည်းပိုသော အခြားယဇ်သည် ရှိပါသေး သလော။
ပုဏ္ဏား ရှိသေး၏။
အသျှင်ဂေါတမ အဘယ်ပါနည်း။
ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို လည်းကောင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို လည်းကောင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို လည်းကောင်း၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မူးယစ်မေ့လျော့စေတတ် သော သေရည်သေရက်မှ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို လည်းကောင်း ဆောက်တည်၏၊ ပုဏ္ဏား (ထိုသူ၏) ယဇ် (သိက္ခာပုဒ်) သည် သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတား ရှိသည့် ပြည့်စုံသော ယဇ်ထက်လည်းကောင်း၊ အမြဲတမ်း အလှူဖြစ်သော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ကျောင်းအလှူထက် လည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုတို့ ထက် လည်းကောင်း ကိစ္စနည်း၏ အားထုတ်ရမှု နည်း၏ အကျိုးလည်းပိုများ၏ အာနိသင်လည်းပို၏။
အသျှင်ဂေါတမ ကိစ္စနည်းသော အားထုတ်ရမှု နည်းသော အကျိုးလည်းပိုများသော အာနိသင်လည်းပိုသော အခြားယဇ်သည် ရှိပါသေး သလော။
ပုဏ္ဏား ရှိသေး၏။
အသျှင်ဂေါတမ အဘယ်ပါနည်း။
ပုဏ္ဏား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော -------- မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။
ပုဏ္ဏား ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏။ ပဌမဈာန်သို့ ရောက်၍ နေ၏။ပုဏ္ဏား၊ ဤယဇ် (ပဌမဈာန်) သည် ရှေးယဇ်တို့ထက် ကိစ္စနည်း၏ အားထုတ်ရမှု နည်း၏ အကျိုးလည်းပိုများ၏ အာနိသင်လည်းပို၏။
ဒုတိယဈာန်သို့။
တတိယဈာန်သို့။
စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊
ဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွှတ်စေ၏၊ ပုဏ္ဏား ဤယဇ် (ဝိပဿနာဉာဏ် အမြင်) သည်လည်း ရှေးယဇ်တို့ထက် ကိစ္စနည်း၏ အားထုတ်ရမှု နည်း၏ အကျိုးလည်းပိုများ၏ အာနိသင်လည်းပို၏။
(ငါ့အား) (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ပုဏ္ဏား ဤယဇ် (အာသဝက္ခယဉာဏ်) သည်လည်း ရှေးယဇ်တို့ထက် ကိစ္စနည်း၏ အားထုတ်ရမှု နည်း၏ အကျိုးလည်း ပိုများ၏ အာနိသင်လည်းပို၏။
ပုဏ္ဏား ဤပြည့်စုံသော ယဇ် (အာသဝက္ခယဉာဏ်) ထက် သာ၍ လွန်ကဲသည်လည်း ဖြစ်သော သာ၍ မွန်မြတ်သည် လည်းဖြစ်သော အခြားတစ်ပါးသော ပြည့်စုံသော ယဇ်သည် မရှိတော့ပြီ ဟု ဟောတော်မူ၏။
ကူဋဒနဿတသုတ် ပြီး၏။
No comments:
Post a Comment