Monday, March 16, 2009

ရာဓ

အသျှင်ရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား အသျှင်ဘုရား သေခြင်း သေခြင်းဟု ဆိုအပ်၏၊ အဘယ်မျှဖြင့် သေခြင်း ဖြစ်ပါသနည်း ဟု လျှောက်၏။
ရာဓ ရုပ်ရှိလျှင် သေခြင်းသည် လည်းကောင်း၊ သေစေသူသည် လည်းကောင်း၊ သေသူသည် လည်းကောင်း ရှိရာ၏။ ရာဓ ထိုသို့ ဖြစ်သောကြောင့် သင်သည် ရုပ်ကို သေခြင်းတရားဟု ရှုလော့၊ သေစေသူဟု ရှုလော့၊ သေသူဟု ရှုလော့၊ ရောဂါဟု ရှုလော့၊ အနာဟု ရှုလော့၊ ငြောင့်ဟု ရှုလော့၊ ဆင်းရဲဟု ရှုလော့၊ ဆင်းရဲကြောင်း ဖြစ်၏ ဟု ရှုလော့၊ ထိုရုပ်ကို ဤသို့ ရှုသူတို့သည် ကောင်းစွာရှုသူတို့ မည်ကုန်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ ရှိလျှင်။ ၀ိညာဏ်ရှိလျှင် သေခြင်း တရားသည် လည်းကောင်း၊ သေစေသူသည် လည်းကောင်း၊ သေသူသည် လည်းကောင်း ရှိရာ၏။
ရာဓ ထိုသို့ဖြစ်သောကြောင့် သင်သည် ၀ိညာဏ်ကို သေခြင်းတရားဟု ရှုလော့၊ သေစေသူဟု ရှုလော့၊ သေသူဟု ရှုလော့၊ ရောဂါဟု ရှုလော့၊ အနာဟု ရှုလော့၊ ငြောင့်ဟု ရှုလော့၊ ဆင်းရဲဟု ရှုလော့၊ ဆင်းရဲကြောင်း ဖြစ်၏ ဟု ရှုလော့၊ ထိုဝိညာဏ်ကို ဤသို့ ရှုသူတို့သည် ကောင်းစွာ ရှုသူတို့ မည်ကုန်၏။
အသျှင်ဘုရား ကောင်းစွာ ရှုခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ ရာဓ ကောင်းစွာ ရှုခြင်းသည် ငြီးငွေ့ခြင်း အကျိုးရှိ၏။ အသျှင်ဘုရား ငြီးငွေ့ခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ ရာဓ ငြီးငွေ့ခြင်းသည် စွဲမက်မှု ကင်းခြင်း အကျိုးရှိ၏၊ အသျှင်ဘုရား စွဲမက်မှု ကင်းခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ ရာဓ စွဲမက်မှု ကင်းခြင်းသည် လွတ်မြောက်ခြင်း အကျိုးရှိ၏။ အသျှင်ဘုရား လွတ်မြောက်ခြင်းသည် အဘယ် အကျိုးရှိပါသနည်း။ လွတ်မြောက်ခြင်းသည် နိဗ္ဗာန် ရောက်ကြောင်း အကျိုးရှိ၏။ အသျှင်ဘုရား နိဗ္ဗာန်သို့ ရောက်ခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ ရာဓ ပြဿနာ လွန်သွားပြီ၊ ပြဿနာ၏ အဆုံးကိုယူရန် မစွမ်းနိုင်၊ မြတ်သော အကျင့်ကို ကျင့်သုံးခြင်းသည် နိဗ္ဗာန်သို့ သက်ဝင် ၏၊ နိဗ္ဗာန်လျှင်လဲ လျောင်းရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏။

Monday, March 9, 2009

လုံ့လ

အိပ်ငိုက်ခြင်းသည် လည်းကောင်း၊ ပျင်းရိခြင်းသည် လည်းကောင်း၊ ကိုယ်လက်ဆန့်ငင်ခြင်းသည် လည်းကောင်း၊ မမွေ့လျော်ခြင်းသည် လည်းကောင်း၊ ထမင်းဆီ ယစ်ခြင်းသည် လည်းကောင်း ရှိ၏။ ထိုအိပ်ငိုက်ခြင်းစသော ညစ်ညူးခြင်းကို လုံ့လဖြင့် ပယ်ထုတ်နိုင်ခဲ့သော် အရိယာမဂ်သည် စင်ကြယ်၏

Thursday, March 5, 2009

နိဗ္ဗာန်ရောက်ကြောင်းတရား ရှစ်ပါး (သုတ္တန်နည်း)

၁။ ကောင်းစွာ သိမြင်မှု သမ္မာဒိဋ္ဌိ၊
၂။ ကောင်းစွာ ကြံစည်မှု သမ္မာသင်္ကပ္ပ၊
၃။ ကောင်းစွာ ပြောဆိုမှု သမ္မာဝါစာ၊
၎။ ကောင်းစွာ ပြုလုပ်မှု သမ္မာကမ္မန္တ၊
၅။ ကောင်းစွာ အသက်မွေးမှု သမ္မာအာဇီဝ၊
၆။ ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ၊
၇။ ကောင်းစွာ အောက်မေ့မှု သမ္မာသတိ၊
၈။ ကောင်းစွာ တည်ကြည်မှု သမ္မာ သမာဓိ

သမ္မာဒိဋ္ဌိ ကောင်းစွာ သိမြင်မှု
ဆင်းရဲ၌ သိမှု ပညာ၊ ဆင်းရဲဖြစ်ကြောင်း၌ သိမှု ပညာ၊ ဆင်းရဲချုပ်ရာ၌ သိမှု ပညာ၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ သိမှု ပညာ
သမ္မာသင်္ကပ္ပ ကောင်းစွာ ကြံစည်မှု
ကာမတို့မှ ထွက်မြောက်ရန် ကြံစည်မှု နေက္ခမ္မသင်္ကပ္ပ၊ မပျက်စီးစေရန် ကြံစည်မှု အဗျာပါဒ
သင်္ကပ္ပ၊ မညှဉ်းဆဲရန် ကြံစည်မှု အ၀ိဟိံသာသင်္ကပ္ပ
သမ္မာဝါစာ ကောင်းစွာ ပြောဆိုမှု
မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်မှု ၊ ကုန်းချောစကားမှ ရှောင်ကြဉ်မှု ၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်မှု ၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်မှု
သမ္မာကမ္မန္တ ကောင်းစွာ ပြုလုပ်မှု
အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု ၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု ၊ ကာမဂုဏ်တို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်မှု
သမ္မာအာဇီဝ ကောင်းစွာ အသက်မွေးမှု
ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သာဝကသည် မှားသော အသက်မွေးမှုကို ပယ်၍ ကောင်းသော အသက်မွေးမှုဖြင့် အသက်ကို မွေးမြူ၏။
သမ္မာဝါယာမ ကောင်းစွာ အားထုတ်မှု
ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ် အယုတ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။ ဖြစ်ပြီး သော အကုသိုလ် အယုတ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ ရန်၊ မပျောက်ပျက်ရန်၊ အထပ်ထပ်ဖြစ်ရန်၊ ပြန့်ပွါးရန်၊ တိုးပွါးရန်၊ ပြည့်စုံ စေရန်၊ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။
သမ္မာသတိ ကောင်းစွာ အောက်မေ့မှု
ဤသာသနာတော်၌ ရဟန်းသည် ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ် တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿ ကို ပယ်ဖျောက်၍ ဆံပင်စသော ရုပ်အပေါင်း၌ ဆံပင်စသော ရုပ်အပေါင်းဟု အဖန်ဖန် အထပ်ထပ် ရှုလျက်နေ၏။ ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည် ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿ ကို ပယ်ဖျောက်၍ ခံစားမှု ဝေဒနာတို့၌ ချမ်းသာစသော ခံစား မှု ဝေဒနာတို့ဟု အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လ ရှိသည်ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက်
(ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿ ကို ပယ်ဖျောက်၍ စိတ်တို့၌ (ရာဂစသော) စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည် ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံး မသာယာမှု ဒေါမနဿ ကို ပယ်ဖျောက်၍ သဘောတရားတို့၌ (ခန္ဓာစသော) တရားတို့ဟု အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
သမ္မာသမာဓိ ကောင်းစွာ တည်ကြည်မှု
ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ ကြံစည်ခြင်း ၀ိတက် နှင့်တကွဖြစ်သော၊ ဆင်ခြင်သုံးသပ်ခြင်း ၀ိစာရ နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သက်ခြင်း ပီတိ ချမ်းသာခြင်း သုခ ရှိသော ပဌမဈာန် ကို ပြည့်စုံစေ၍ နေ၏။ ကြံစည်ခြင်း ၀ိတက် ဆင်ခြင်သုံးသပ်ခြင်း ၀ိစာရ တို့၏ ငြိမ်းအေးခြင်းကြောင့် မိမိသန္တာန်၌ ဖြစ်သော၊ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း သမာဓိ ကို ဖြစ်ပွါးစေ တတ်သော၊ ကြံစည်ခြင်း ၀ိတက် ဆင်ခြင်သုံးသပ်ခြင်း ၀ိစာရ မရှိသော၊ တည်ကြည်ခြင်း သမာဓိ ကြောင့်ဖြစ်သော၊ နှစ်သက်ခြင်း ပီတိ ချမ်းသာခြင်း သုခ ရှိသော ဒုတိယဈာန်ကို ပြည့် စုံစေ၍ နေ၏။ နှစ်သက်ခြင်း ပီတိ ကိုလည်း စက်ဆုပ်ခြင်းကြောင့် လျစ်လျူရှုလျက်သာလျှင် နေ၏။ အောက်မေ့ခြင်း သတိ ကောင်းစွာ အပြားအားဖြင့် သိခြင်း သမ္ပဇဉ် နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း သုခ ကို လည်း ကိုယ်ဖြင့် ခံစား၏။ အကြင် တတိယဈာန်ကြောင့် ထိုသူကို အရိယာပုဂ္ဂိုလ်တို့က လျစ်လျူရှု နိုင်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ ဟု ချီးမွမ်းတော် မူကြကုန်၏။ ထိုတတိယဈာန်ကို ပြည့်စုံ စေ၍ နေ၏။ ချမ်းသာခြင်း သုခ ဆင်းရဲခြင်း ဒုက္ခ ကို ပယ်ခြင်းကြောင့် လည်းကောင်း၊ ရှေးဦးကပင် လျှင် ၀မ်းမြောက်ခြင်း သောမနဿ စိတ်နှလုံးမသာယာခြင်း ဒေါမနဿ တို့၏ ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း ဆင်းရဲခြင်း ဒုက္ခ လည်း မဟုတ် ချမ်းသာခြင်း သုခ လည်း မဟုတ်သော လျစ်လျူရှုခြင်း ဥပေက္ခာ ကြောင့် ဖြစ်သည့် သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍နေ၏။

အသျှင်ဘာရဒွါဇ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း ဒက္ခိဏာဂိရိဇနပုဒ် ဧကနာဠမည်သော ပုဏ္ဏားရွာ၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကသိဘာရဒွါဇ မည်သော ပုဏ္ဏားသည် စိုက်ပျိုးချိန် အခါဝယ် ငါးရာမျှသော ထွန်တုံးတို့ကို (နွားတို့၌) တပ်ထား အပ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ကသိဘာရဒွါဇပုဏ္ဏား၏ အမှုလုပ်ရာ အရပ်သို့ ချဉ်းကပ်တော် မူ၏၊ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏား၏ ထမင်း ကျွေးမွေးနေသောအခါ ဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည် ထမင်း ကျွေးမွေးရာ အရပ်သို့ ချဉ်းကပ်တော်မူ၍ တစ်ခုသောအရပ်၌ ရပ်တော်မူ၏။ ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ဆွမ်းအလို့ငှါ ရပ်သည်ကို မြင်၍ မြတ်စွာဘုရားအား -ရဟန်းငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုးပြီး၍ လည်းကောင်း စား၏၊ ရဟန်း သင်သည်လည်း ထွန်လည်း ထွန်လော့၊ စိုက်ပျိုးလည်း စိုက်ပျိုးလော့၊ ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုးပြီး၍ လည်း ကောင်း စားပါလော့ ဟု လျှောက်၏။
ပုဏ္ဏား ငါဘုရားသည်လည်း ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုးပြီး၍ လည်းကောင်း စား၏ဟု (မိန့်တော်မူ၏)၊ -ငါတို့သည် အသျှင်ဂေါတမ၏ ထမ်းပိုးကို လည်းကောင်း၊ ထွန်တုံးကို လည်းကောင်း၊ ထွန်သွားကို လည်းကောင်း၊ နှင်တံကို လည်းကောင်း၊ ခိုင်းနွားတို့ကို လည်းကောင်း မမြင်ကြ ရပါကုန်၊ ထိုသို့ မမြင်ပါဘဲလျက် အသျှင်ဂေါတမ
သည် ပုဏ္ဏား ငါသည်လည်း ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုးပြီး၍ လည်းကောင်း စား၏ ဟု ဆိုဘိ၏ ဟု ဆိုပြီးနောက် ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-
၇၆။ သင်သည် လယ်ထွန်ယောက်ျား (လယ်သမား)ဟူ၍ ၀န်ခံဘိ၏၊ သင်၏ လယ်ထွန်မှုကို ငါတို့ မမြင်ရ၊ သင်၏ လယ်ထွန်မှုကို ငါတို့ သိနိုင်လောက်သောနည်းဖြင့် သင်ဖြေဆိုပါလော့ (ဟု မေးလျှောက် ၏)။
၇၇။ ငါ၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏၊ ငါ၏ ဣနြေ္ဒကို စောင့်စည်းမှုသည် မိုးရွာခြင်း မည်၏၊ ငါ၏ ပညာသည် ထမ်းပိုးနျင့် ထွန်တုံး မည်၏၊ ငါ၏ (မကောင်းမှုမှ) ရှက်ကြောက်မှုသည် ထွန်သန် မည်၏၊ (ငါ၏) စိတ်သည် ကြိုးလွန်း မည်၏၊ ငါ၏ အောက်မေ့မှု သတိ သည် ထွန်သွားနှင့် နှင်တံ မည်၏။
၇၈။ သင်သည် လယ်ကို စောင့်ရှောက်သကဲ့သို့ ငါသည်လည်း ကိုယ်ကို စောင့်ရှောက်၏၊ နှုတ်ကို စောင့်ရှောက်၏၊ အာဟာရ၌ အသက်မွေးမှု စင်ကြယ်စေရန် စောင့်ရှောက်၏၊ ၀မ်း၌ အတိုင်းအရှည်ကို သိရန် စောင့်ရှောက်၏၊ မှန်သော စကားဖြင့် (ချွတ်ယွင်းသော စကားတို့ဟူသော ပေါင်းမြက်ကို) ဖြတ်တောက် ပယ်နုတ်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှုဟူသော ငါ၏ အရဟတ္တဖိုလ်သည် ပြုလုပ်ဖွယ် အားလုံးမှ လွတ်မြောက်တော့၏။
၇၉။ ငါ၏ ၀ီရိယသည် ၀န်ကို ဆောင်သော နွားမည်၏၊ အကြင်နိဗ္ဗာန်သို့ ရောက်သည်ရှိသော် မစိုးရိမ်ရ၊ ယောဂ လေးပါး ကုန်ရာဖြစ်သော ထိုနိဗ္ဗာန်သို့ ရှေးရှု ဆောင်လျက် မဆုတ်မနစ် သွား၏။
၈၀။ (ပုဏ္ဏား) ဤသို့သော အခြင်းအရာအားဖြင့် ဤလယ်ထွန်ခြင်းကို (ငါသည်) ထွန်အပ်ပြီ၊ (ငါ၏) ထိုလယ်ထွန် ခြင်းသည် နိဗ္ဗာန်ဟူသော အသီးအနှံရှိ၏၊ ထိုလယ်ထွန်ခြင်းကို ထွန်ပြီးသောကြောင့် ဆင်းရဲအားလုံးမှ လွတ်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် အဖိုးများစွာ ထိုက်သော ရွှေခွက်၌ နို့ဃနာကို ခူးထည့်စေ၍ မြတ်စွာဘုရားအား အသျှင်ဂေါတမသည် နို့ဃနာကို စားတော်မူပါလော့၊ အသျှင်သည် လယ်ထွန် ယောက်ျားပါတည်း။မှန်၏-အသျှင်ဂေါတမ သည် နိဗ္ဗာန်တည်းဟူသော အသီးအနှံ အကျိုးရှိသော လယ်ထွန်ခြင်းကို ထွန်တော်မူ၏ ဟု ဆို၍ ဆက်ကပ်၏။
၈၁။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်တို့ကို စားခြင်းငှါ မထိုက်၊ ဤဘောဇဉ်ကို စားခြင်း သဘောသည် စင်ကြယ်ခြင်းကို ရှုမြင်ကုန်သော ဘုရားရှင်တို့၏ သဘောမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာသီဆို၍ ရအပ်သော ဘောဇဉ်ကို ပယ်တော်မူကုန်၏၊ ပုဏ္ဏား အသက် မွေးခြင်း စင်ကြယ်မှု သဘောရှိလတ်သော် ဤတရားသဖြင့် ရှာမှီးခြင်းသည် ဘုရားရှင်တို့၏ အသက်
မွေးခြင်းတည်း။
၈၂။ ပုဏ္ဏား နို့ဃနာမှ တစ်ပါးသော ဆွမ်းဖြင့် လည်းကောင်း၊ အဖျော်ဖြင့် လည်းကောင်း အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံ၍ မြတ်သော သီလစသော ကျေးဇူးအပေါင်းကို ရှာလေ့ရှိသော ကုက္ကုစ္စ ငြိမ်းအေးပြီး ဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကို လုပ်ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသော သူ၏ လယ်ယာဖြစ်၏ဟု (ဟောတော်မူ၏)။
အသျှင်ဂေါတမသို့ ဖြစ်လျှင် တပည့်တော်သည် ဤနို့ဃနာကို အဘယ်သူအား လှူရအံ့နည်းဟု (လျှောက်၏)။ ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ မြတ်စွာဘုရားကို လည်းကောင်း၊ မြတ်စွာဘုရား တပည့်သားကို လည်းကောင်း ထား၍ စားအပ်ပြီးသော ထိုနို့ဃနာကို ကောင်းစွာ ကြေကျက်ခြင်းသို့ ရောက်စေနိုင်မည့်
သူကို ငါဘုရား မြင်တော်မမူ၊ ပုဏ္ဏား ထို့ကြောင့် သင်သည် ထိုနို့ဃနာကို စိမ်းသော မြက်မရှိရာ၌ သော်လည်း စွန့်လော့၊ ပိုးမရှိသော ရေ၌သော်လည်း မျှောလော့ဟု (မိန့်တော်မူ၏)။
ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် ထိုနို့ဃနာကို ပိုးမရှိသော ရေ၌ မျှော၏၊ ထိုအခါ ရေ၌ ပစ်ချအပ်သော နို့ဃနာသည် တရှဲရှဲမည်၏၊ တရှဲရှဲ အသံပြု၏၊ ထက်ဝန်းကျင်မှ အခိုးထွက်၏၊ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်၏၊ တစ်နေ့ပတ်လုံး မီးဖုတ်အပ်သော ထယ်သွားကို ရေ၌ ပစ်ချအပ်သည် ရှိသော် တရှဲရှဲမည်သကဲ့သို့ တရှဲရှဲအသံကို ပြုသကဲ့သို့ ထက်ဝန်းကျင်မှ အခိုးထွက် သကဲ့သို့ ထက်ဝန်းကျင်မှများစွာ အခိုးထွက်သကဲ့သို့ ဤအတူပင် ရေ၌ ထည့်အပ်သော ထိုနို့ဃနာသည် တရှဲရှဲမည်၏၊ တရှဲရှဲမည်သော အသံကို ပြု၏၊ ထက်ဝန်းကျင်မှ အခိုးထွက်၏၊ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်၏။
ထို့နောက် ကသိဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်သည် ကြက်သီးမွေးညင်း ထသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအား အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိ သကဲ့သို့ လည်း
ကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည် သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်း အသျှင်ဂေါတမ ဤအတူ သာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊
အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ သံဃာ တော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမအထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏ ဟု (လျှောက်၏)။
ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကိုရ၏၊ ရဟန်းအဖြစ်ကိုရ၏၊ ရဟန်းဖြစ်၍ မကြာမီ အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ်လျက် နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာဝင်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို မကြာမီ ယခုဘ၀၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်)ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ ဟု သိ၏၊ အသျှင်ဘာရဒွါဇသည် ရဟန္တာတို့တွင် တစ်ပါးအပါအ၀င် ဖြစ်လေသတည်း။

နီဝရဏ ငါးပါး ပယ်ပုံ

နီဝရဏ ငါးပါး ပယ်ပုံ
(၁) ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာဟူသော) လောက၌ တပ်မက်ခြင်း အဘိဇ္ဈာ ကို ပယ်၍ တပ်မက်ခြင်း အဘိဇ္ဈာ ကင်းသော စိတ်ဖြင့် နေ၏။ တပ်မက်ခြင်း အဘိဇ္ဈာ မှ စိတ်ကို စင်ကြယ်စေ၏။
(၂) ပျက်စီးစေလိုမှု ဒေါသ ကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားလျက် နေ၏။ ပျက်စီးစေလိုသော ဒေါသ မှ စိတ်ကို စင်ကြယ် စေ၏။
(၃) လေးလံ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ မှ ကင်းသည် ဖြစ်၍ အလင်းရောင်၌ ဖြစ်သော အမှတ်သညာရှိသည် ဖြစ်၍ သတိ ပညာနှင့် ပြည့်စုံလျက် နေ၏။ လေးလံ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ မှ စိတ်ကို စင်ကြယ်စေ၏။
(၄) ပျံ့လွင့်မှု ဥဒ္ဓစ္ဓ နောင်တ တစ်ဖန် ပူပန်မှု ကုက္ကုစ္စ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည် ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏။ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ နောင်တ တစ်ဖန် ပူပန်မှု ကုက္ကုစ္စ မှ စိတ်ကို စင်ကြယ်စေ၏။
(၅) ယုံမှားမှု ဝိစိကိစ္ဆာ ကို ပယ်၍ ယုံမှားမှု ဝိစိကိစ္ဆာ ကို လွန်မြောက်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏။ ယုံမှားမှု ဝိစိကိစ္ဆာ မှ စိတ်ကို စင်ကြယ်စေ၏။