(၁) ဆန္ဒိဒ္ဓိပါဒ် - ဆန္ဒကြီးမှူးသော တန်ခိုးကြီးကြောင်း ဣဒ္ဓိပါဒ်
ဆန္ဒကို အကြီးအမှူးပြု၍ တည်ကြည်မှု သမာဓိကို ရခြင်း (စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ်) သည် ဆန္ဒကြီးမှူးသော သမာဓိ ဖြစ်၏။
မဖြစ်သေးသော အကုသိုလ် အယုတ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏၊ ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ် အယုတ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လ ထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။ မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာ ဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။ ဤတရားတို့ကို သမ္မပ္ပဓာန်ကိစ္စ တပ်သော ၀ီရိယဟု ဆိုအပ်ကုန်၏။ ဤသို့ ဤဆန္ဒကြီးမှူးသော သမာဓိကို လည်းကောင်း၊ သမ္မပ္ပဓာန်ကိစ္စတပ်သော ၀ီရိယတို့ကို လည်းကောင်း တစ်ပေါင်းတည်းပေါင်း၍ အကျဉ်းချုံး၍ ဆန္ဒကြီးမှူးသော သမာဓိ၊ သမ္မပ္ပဓာန် ကိစ္စတပ်သော ၀ီရိယ ဟူ၍ သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
ထိုတရားတို့တွင် အဘယ်သည် ဆန္ဒ မည်သနည်း။
အကြင် လိုလားမှု ဆန္ဒ၊ လိုလားသည်၏ အဖြစ် ဆန္ဒိကတာ၊ ပြုလိုသည်၏ အဖြစ် ကတ္တုကမျတာ၊ ကုသိုလ်တရားတို့ကို လိုလားမှု ကုသလဓမ္မစ္ဆန္ဒ သည် ရှိ၏။ ဤသဘောကို ဆန္ဒဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် တည်ကြည်မှု သမာဓိ မည်သနည်း။
အကြင် စိတ်၏ (အာရုံ၌) တည်နေမှု ဌိတိ၊ ကောင်းစွာ တည်နေမှု သဏ္ဍိတိ၊ သက်ဝင်၍ တည်နေမှု အ၀ဌိတိ၊ မရွေ့ရှားမှု အ၀ိသာဟာရ၊ မပျံ့လွင့်မှု အ၀ိက္ခေပ၊ မရွေ့ရှားသော စိတ်ရှိသည်၏ အဖြစ် အ၀ိသာဟဋ မာနသတာ၊ ငြိမ်သက်မှု သမထ၊ အစိုးတရ တည်ကြည်မှု သမာဓိနြေ္ဒ၊ မတုန်မလှုပ် တည်ကြည်မှု သမာဓိဗိုလ်၊ မဖောက်မပြန် ကောင်းစွာ တည်ကြည်မှု သမ္မာသမာဓိ သည် ရှိ၏၊ ဤသဘောကို တည်ကြည်မှု သမာဓိ ဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ၀ီရိယ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော အားထုတ်မှု ၀ီရိယာရမ္ဘ၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု နိက္ကမ၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု ပရက္ကမ၊ အထက်တန်းရောက်အောင် ကြိုးပမ်းမှု ဥယျာမ၊ လုံ့လစိုက်မှု ၀ါယာမ၊ ဆင်းရဲကို သည်းခံမှု ဥဿာဟ၊ အပြင်းအထန် ကြိုးစားမှု ဥေဿာဠီ၊ ခိုင်မြဲမှု ထာမ၊ ဆောင်ထားမှု ဓိတိ၊ မလျော့သော လုံ့လရှိခြင်း အသိထိလပရက္ကမတာ၊ မချသော ဆန္ဒရှိခြင်း အနိက္ခိတ္တဆန္ဒတာ၊ မချသော ၀န်ရှိခြင်း အနိက္ခိတ္တဓုရတာ၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု ဓုရသမ္ပဂ္ဂါဟ၊ ရဲရင့်သည်၏ အဖြစ် ၀ီရိယ၊ အစိုးတရ အားထုတ်မှု ၀ီရိယိနြေ္ဒ၊ မတုန်မလှုပ် အားထုတ် မှု ၀ီရိယဗိုလ်၊ ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ သည် ရှိ၏။ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စ တပ်သော ၀ီရိယဟု ဆိုအပ်၏။ ဤသို့ ဤလိုလားမှု ဆန္ဒနှင့် လည်းကောင်း၊ ဤတည်ကြည်မှု သမာဓိနှင့် လည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သော ၀ီရိယနှင့် လည်းကောင်း ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် ဆန္ဒ ကြီးမှူးသော သမာဓိ၊ သမ္မပ္ပဓာန် ကိစ္စတပ်သော ၀ီရိယနှင့် ပြည့်စုံ၏ ဟု ဆိုအပ်၏။
တန်ခိုး ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသော အခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ် ရခြင်းတည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက် ပြုရခြင်းတည်း၊ လက်ရှိ ပြည့်စုံခြင်းတည်း။ တန်ခိုးကြီးကြောင်း တရား ဟူသည် ထိုဆန္ဒာဓိပတိတပ် သော ပုဂ္ဂိုလ်၏ ခံစားမှု အစု ဝေဒနာက္ခန္ဓာ၊ မှတ်သားမှု အစု သညာက္ခန္ဓာ၊ ပြုပြင်မှု အစု သင်္ခါရက္ခန္ဓာ၊ သိမှု အစု ၀ိညာဏက္ခန္ဓာ တည်း။ တန်ခိုးကြီးသော တရားကို ပွါးများ၏ ဟူသည် ထိုဆန္ဒစသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏၊ ထို့ကြောင့် တန်ခိုးကြီးကြောင်း တရားကို ပွါးများ၏ ဟု ဆိုအပ်၏။
No comments:
Post a Comment