Thursday, May 14, 2009

တရားကျင့်ခြင်း

တရားကျင့်ခြင်း
၅၀၈။ ဤသာသနာတော်၌ ရဟန်းသည် ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏။ အကျင့် အာစာရ၊ ကျက်စားရာ ဂေါစရ နှင့် ပြည့်စုံ၏။ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ (မျက်စိစသော) ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိ၏။ စားဖွယ် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။ ညဥ့်ဦးယံ၊ မိုးသောက်ယံပတ်လုံး နိုးကြားခြင်းငှါ အားထုတ်ခြင်းနှင့် ယှဉ်၏။ မပြတ်မလပ် ဖြစ်စေအပ်သော လုံ့လ၊ ရင့်ကျက်သော ပညာ နှင့် ပြည့်စုံ၏။ ဗောဓိပက္ခိယ တရားတို့ကို ပွါးများခြင်းငှါ အားထုတ်ခြင်းနှင့် ယှဉ်၏။ သတိသမ္ပဇဉ် ပွါးများနည်း ထိုရဟန်းသည် ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊ စားရာသောက်ရာ ခဲရာ လျက်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောဆိုရာ ဆိတ်ဆိတ် နေရာတို့၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏။ တောကျောင်းအင်္ဂါ။ ထိုရဟန်းသည် နည်းသော အသံ ရှိသော၊ ကျယ်လောင်သော အသံမရှိသော၊ လှည့်လည် သွားလာသော လူတို့၏ အနံ့မှ ကင်းသော၊လူသံ စသည်တို့မှ တိတ်ဆိတ်သော၊ တစ်ယောက်တည်း ကိန်းအောင်း ရန်သင့်လျှော် လျောက်ပတ်သော၊ တော၊ သစ်ပင်ရင်း၊ တောင်၊ ချောက်၊ တောင်ခေါင်း (ဂူ) သင်္ချိုင်း၊ တောအုပ်၊ လွင်ပြင်၊ ကောက်ရိုးပုံ ဟူသော ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲ၏။ ထိုရဟန်းသည် တောသို့ ကပ်၍သော် လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍သော် လည်းကောင်း၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်၍သော် လည်းကောင်း ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏။

ကျင့်အပ်သော အကျင့်
ကိုယ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ ကိုယ်နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကို ကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ သီလ စောင့်ထိန်းမှု အားလုံးသည်လည်း ကျင့်အပ်သော အကျင့် မည်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ၀ါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီးပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့်ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့်ပြောဆိုခြင်း ဖြင့် လည်းကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ပေးခြင်းဖြင့် လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသော အသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူခြင်း မပြုပေ။ ဤသဘောကို ကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။



ကျက်စားသင့်သော နေရာ
ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ မကျက်စား၊ မုဆိုးမအိမ်၌ မကျက်စား၊ အပျိုကြီးအိမ်၌ မကျက်စား၊ ပဏ္ဍုက်အိမ်၌ မကျက်စား၊ ဘိက္ခုနီမကျောင်း၌ မကျက်စား၊ သေတင်းကုပ်၌ မကျက်စား၊ မင်းတို့နှင့် လည်းကောင်း၊ မင်း၏အမတ်တို့နှင့် လည်းကောင်း၊ တိတ္ထိတို့နှင့် လည်းကောင်း၊ တိတ္ထိတပည့်တို့နှင့် လည်းကောင်း သာသနာတော်နှင့် မလျောက်ပတ်သော ဆက်ဆံခြင်း ဖြင့် မဆက်ဆံမူ၍ နေ၏။ ရဟန်း ယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့ အား သဒ္ဒါတရားရှိကုန်သော၊ ကြည်ညိုကုန်သော၊ ရေတွင်းသဖွယ် ဖြစ်ကုန်သော၊ သင်္ကန်းအရောင်ဖြင့် တောက်ပကုန်သော ရဟန်းတို့၏ သင်္ကန်းကိုယ်တို့မှ ဖြစ်သော လေတို့ဖြင့် လှိုင်ကုန်သော၊ အကျိုးကို အလိုရှိကုန်သော၊ စီးပွါးကို အလိုရှိကုန်သော၊ ချမ်းသာကို အလိုရှိကုန်သော၊ ယောဂကုန်ရာကို အလိုရှိ ကုန်သော အကြင် အမျိုး (ဒါယကာ) တို့သည် ရှိကုန်၏။ ထိုသို့ သဘောရှိသော အမျိုး (ဒါယကာ) တို့ကို မှီဝဲ၏၊ ဆည်းကပ်၏၊ ချဉ်းကပ်၏၊ ဤသဘောကို ကျက်စားသင့်သော နေရာဟု ဆိုအပ်၏။

အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏
အပြစ်ကို ဘေးဟုရှုခြင်း အကြင် အပြစ်တို့သည် ငယ်သော အတိုင်းအရှည် ရှိကုန်၏၊ အနည်းငယ် အောက်လျော့သော အတိုင်းအရှည် ရှိကုန်၏၊ ပေါ့ကုန်၏၊ ပေါ့၏ဟု သမုတ်အပ်ကုန်၏၊ စောင့်စည်းခြင်းဖြင့် ကုစားအပ်ကုန်၏၊ စောင့်ရှောက်ခြင်းဖြင့် ကုစားအပ်ကုန်၏၊ စိတ်ဖြင့် ကုစားအပ်ကုန်၏၊ နှလုံးသွင်း ခြင်းဖြင့် ကုစားအပ်ကုန်၏၊ ဤသဘောတို့ကို အနည်းငယ်မျှသော အပြစ်တို့ဟု ဆိုအပ်ကုန်၏။ ဤသို့ ဤအနည်းငယ်မျှသော အပြစ်တို့၌ အပြစ်အားဖြင့် ရှုလေ့ရှိ၏၊ ဘေးအားဖြင့် ရှုလေ့ရှိ၏၊ အပြစ်ရှိသော အားဖြင့် ရှုလေ့ရှိ၏၊ ထွက်မြောက်ရာကို ရှုလေ့ရှိ၏၊ ထို့ကြောင့် “အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏” ဟု ဆိုအပ်၏။

သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏
သိက္ခာပုဒ်ကို ကျင့်ခြင်း ရဟန်းတို့၏ ရဟန်းသိက္ခာ (ကျင့်ဝတ်)၊ ရဟန်းမိန်းမတို့၏ ရဟန်းမိန်းမ သိက္ခာ (ကျင့်ဝတ်)၊ ဥပါသကာယောက်ျားတို့၏ ဥပါသကာယောက်ျားသိက္ခာ (ကျင့်ဝတ်)၊ ဥပါသိကာ မိန်းမတို့၏ ဥပါသိကာမိန်းမသိက္ခာ (ကျင့်ဝတ်)ဟူ၍ ကျင့်အပ်သော သိက္ခာတို့သည် လေးပါးရှိကုန်၏။ ဤလေးပါးတို့ကို ကျင့်အပ်သော သိက္ခာတို့ဟု ဆိုအပ်ကုန်၏။ ဤသို့ ဤသိက္ခာတို့၌ သိက္ခာပုဒ် အားလုံးနှင့် ကျင့်အပ်သော အခြင်းအရာ အားလုံးကို အကြွင်းမရှိ အကျန်မရှိ ဆောက်တည်၍ ကျင့်၏။ ထို့ကြောင့် “သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏” ဟု ဆိုအပ်၏။

ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိ၏
ဤသာသနာတော်၌ အချို့သော ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် (ယောက်ျား မိန်းမစသော) ပုံသဏ္ဍာန် အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အသေးစိတ် အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကြင် စက္ခုနြေ္ဒကို မစောင့်စည်းခြင်း ဟူသော အကြောင်းကြောင့် စက္ခုနြေ္ဒကို မစောင့်စည်းဘဲနေသော ထိုရဟန်းကို တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿ ဟူကုန်သော ယုတ်မာကုန်သော အကုသိုလ် တရားတို့သည် အဖန်တလဲလဲ လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထိုရဟန်းသည်) ထိုစက္ခုနြေ္ဒကို စောင့်စည်းရန် ကျင့်၏၊ စက္ခုနြေ္ဒကို စောင့်ရှောက်၏၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။
နားဖြင့် သဒ္ဒါရုံကို ကြားသည် ရှိသော်...
နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသည်ရှိသော်...
လျှာဖြင့် ရသာရုံကို လျက်သည်ရှိသော်...
ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော်...
စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် (ယောက်ျား မိန်းမစသော) ပုံသဏ္ဍာန် အမှတ်နိမိတ်ကို ယူလေ့မရှိ၊ (လက် ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အသေးစိတ် အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ အကြင် မနိနြေ္ဒကို မစောင့်စည်းခြင်းတည်းဟူသော အကြောင်းကြောင့် မနိနြေ္ဒကို မစောင့်စည်းဘဲနေသော ထိုရဟန်းကို တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿ ဟူကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် အဖန်တလဲလဲ လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထိုရဟန်းသည်) ထိုမနိနြေ္ဒကို စောင့်စည်းရန် ကျင့်၏၊ မနိနြေ္ဒကို စောင့်ရှောက်၏၊ မနိနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤဣနြေ္ဒ ခြောက်ပါးတို့ကို အကြင် လုံခြုံခြင်းသည် လုံခြုံသော အခြင်းအရာသည် စောင့်ရှောက်ခြင်းသည် စောင့်စည်းခြင်းသည် ရှိ၏၊ ဤသဘောကို ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိခြင်း ဟု ဆိုအပ်၏။ ဤဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိခြင်းနှင့် ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိ၏”ဟု ဆိုအပ်၏။

စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း
ဤသာသနာတော်၌ အချို့သော ရဟန်းသည် သင့်သော အကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်၍ အာဟာရကို မှီဝဲပါ၏၊ မြူးထူးရန် မဟုတ်ပါ၊ မာန်ယစ်ရန် မဟုတ်ပါ၊ ကိုယ်လက် အင်္ဂါ ပြည့်ဖြိုးရန် မဟုတ်ပါ၊ အရေအဆင်း တင့်တယ်လှပရန် မဟုတ်ပါ၊ ဤခန္ဓာကိုယ်၏ တည်တံ့ရန်သာ၊ မျှတရန်သာ၊ ဆာလောင်မွတ်သိပ်၍ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်သာ၊ အကျင့်မြတ်ကို ချီးမြှောက်ရန်သာ အာဟာရကို မှီဝဲပါ၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည် လည်းကောင်း၊ အပြစ် မရှိခြင်းသည် လည်းကောင်း၊ ချမ်းသာစွာ နေရခြင်းသည် လည်းကောင်း ဖြစ်လတ္တံ့ဟု (ဆင်ခြင်၍) အာဟာရကို မှီဝဲ၏။ ထိုစားဖွယ် ဘောဇဉ် ၌ အကြင် ရောင့်ရဲခြင်းသည် အတိုင်းအရှည်ကို သိခြင်းသည် ဉာဏ်ဖြင့် ဆင်ခြင်ခြင်းသည် ရှိ၏။ ဤသဘောကို စားဖွယ် ဘောဇဉ် ၌ အတိုင်းအရှည်ကို သိခြင်းဟု ဆိုအပ်၏။ ဤဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်းနှင့် ပြည့်စုံ၏။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “စားဖွယ် ဘောဇဉ် ၌ အတိုင်းအရှည်ကို သိ၏” ဟု ဆိုအပ်၏။

နိုးနိုးကြားကြား အားထုတ်ခြင်း
ဤသာသနာတော်၌ ရဟန်းသည် နေ့အချိန်ရှိသမျှ စင်္ကြံသွားခြင်းဖြင့် လည်းကောင်း၊ ထိုင်ခြင်းဖြင့် လည်းကောင်း ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော တရားတို့မှ စိတ်ကို စင်ကြယ်စေ၏၊ ညဥ့်၏ ပဌမယာမ်ပတ်လုံး စင်္ကြံသွားခြင်းဖြင့် လည်းကောင်း၊ ထိုင်ခြင်းဖြင့် လည်းကောင်း ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော တရားတို့မှ စိတ်ကို စင်ကြယ်စေ၏၊ ညဥ့်၏ မဇ္ဈိမယာမ်ပတ်လုံး ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို အနည်းငယ်လွန်အောင် တင်ထား၍ အောက်မေ့ အမှတ်ရခြင်း သတိ ကောင်းစွာ အပြားအားဖြင့် သိခြင်း သမ္ပဇဉ် ရှိသည်ဖြစ်၍ ထအံ့သော အမှတ်ကို စိတ်၌ထား၍ လက်ျာနံပါးဖြင့် ခြင်္သေ့အိပ်နည်းဖြင့် အိပ်ခြင်းကို ပြု၏။ ညဥ့်၏ ပစ္ဆိမယာမ်ပတ်လုံး တစ်ဖန်ထ၍ စင်္ကြံသွားခြင်းဖြင့် လည်းကောင်း၊ ထိုင်ခြင်းဖြင့် လည်းကောင်း ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော တရားတို့မှ စိတ်ကိုစင်ကြယ်စေ၏။ ဤသို့ ရဟန်းသည် ညဥ့်ဦးယံ မိုးသောက်ယံပတ်လုံး နိုးနိုးကြားကြား အားထုတ်ခြင်းနှင့် မပြတ်ယှဉ်၏။

လုံ့လ ဟူသည် အကြင်စိတ်၌ ဖြစ်သော အားထုတ်ခြင်း လုံ့လ ၀ီရိယာရမ္ဘ တည်း။ ကောင်းစွာ အားထုတ်ခြင်း သမ္မာဝါယာမ တည်း။

ပညာ ဟူသည် အကြင် အပြားအားဖြင့် သိမှု ပညာ၊ အပြားအားဖြင့် သိသော အခြင်းအရာ ပဇာနနာ။ မတွေဝေမှု အမောဟ၊ သဘောတရားကို စိစစ်မှု ဓမ္မ၀ိစယ၊ ကောင်းစွာ သိမြင်မှု သမ္မာဒိဋ္ဌိ တည်း။

No comments:

Post a Comment