ဝိမုတ္တာယတနသုတ်
လွတ်မြောက်ကြောင်းတို့သည်
(၁) ဆရာ (သို့မဟုတ်) သီတင်းသုံးဖော်က သစ္စာ လေးပါး တရားကို ဟော၏။
(၂) ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့် အတိုင်း သစ္စာ လေးပါး တရားကို အကျယ်အားဖြင့် ဟော၏၊
(၃) ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်၏၊
(၄) ကြားနာဖူး သည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် စဉ်းစား၊ သုံးသပ်၊ ရှု ဆင်ခြင်၏။
(၅) သမာဓိအာရုံကို သင်ယူထား၏၊ နှလုံးသွင်း ထား၏၊ မှတ်သား ထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။
(၁)
ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်းသုံးဖော် တစ်ဦးဦးက ဖြစ်စေ (သစ္စာလေးပါး) တရားကို ဟောကြား၏။ ဟောတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက် ၏။
(၂)
ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့် အတိုင်း သစ္စာ လေးပါး တရားကို အကျယ်အားဖြင့် ဟောကြား၏၊ ဟောကြားတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက် ၏။
(၃)
ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်ခြင်းကို ပြု၏၊ ရွတ်အံ သရဇ္ဈာယ်ခြင်းကို ပြုတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။
(၄)
ကြားနာဖူး သည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် စဉ်းစား၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှု ဆင်ခြင်၏။ တရားကို အဖန်ဖန် စဉ်းစား သုံးသပ် ဆင်ခြင် တိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။
(၅)
သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူထား၏၊ ကောင်းစွာ နှလုံးသွင်း ထား၏၊ ကောင်းစွာ မှတ်သား ထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထား၏။ သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူ နှလုံးသွင်း မှတ်သား ပညာဖြင့် ထိုးထွင်း၍ သိထားတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။
ဤသည်တို့ကား လွတ်မြောက်ကြောင်း ငါးမျိုးတို့တည်း။
ယင်းလွတ်မြောက်ကြောင်း ငါးမျိုးတို့၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်)သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ် သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂ လေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏ ဟု (မိန့်တော်မူ၏)။
No comments:
Post a Comment