Thursday, July 23, 2009

ကိလေသ တရား ၁၀ ပါး

ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသ တရား ၁၀ ပါး
(၁) လိုချင်တပ်မက်မှု လောဘ၊
(၂) ဖျက်ဆီး ပြစ်မှားမှု ဒေါသ၊
(၃) (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) မောဟ၊
(၄) (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) မာန၊
(၅) အမြင်မှားမှု ဒိဋ္ဌိ၊
(၆) ယုံမှားမှု ၀ိစိကိစ္ဆာ၊
(၇) (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ထိန၊
(၈) ပျံ့လွင့်မှု ဥဒ္ဓစ္စ၊
(၉) (ကာယဒုစရိုက် စသော မကောင်းမှုမှ) မရှက်မှု အဟိရီက၊
(၁၀) (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု အနောတ္တပ္ပ

မဟာပုရိသလက္ခဏာ

၁) အညီအညွတ်ကောင်းစွာထိသော ခြေဖ၀ါး
၂) အောက်ခြေဖ၀ါးပြင်တို့၌ အကန့်တစ်ထောင် ရှိသော အကွပ်၊ ပုံတောင်း တို့နှင့်တကွ အခြင်းအရာ အလုံးစုံနှင့် ပြည့်စုံသော စက်ဝန်းများ
၃) ရှည်သောဖနှောင့်
၎) ရှည်သောလက်ချောင်းခြေချောင်း
၅) နူးညံ့နုနယ်သော လက်ဖ၀ါးခြေဖ၀ါး
၆) ကွန်ရက်ပမာ ညီညာသော လက်ခြေ
၇) ဖမျက်မြင့်သောခြေ
၈) ဧဏီသားကဲ့သို့ (ပြေပြစ်သော) မြင်းခေါင်း
၉) မကိုင်းမညွတ်ဘဲ ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ် ဆုပ်နယ်နိုင်၏
၁၀) အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်
၁၁) ရွှေအဆင်း ရှိ၏၊
၁၂) အသားအရေ ချောမွေ့ သောကြောင့် ကိုယ်၌ မြူအညစ်အကြေး မငြိကပ်ပါ။
၁၃) မွေးညင်းတွင်းတို့၌ မွေးညင်း တစ်ပင် တစ်ပင်တို့ သာလျှင် ပေါက်ကုန်၏။
၁၄) မွေးညင်းတို့သည် ဖက်လိပ်နားတောင်းသဏ္ဌာန် လက်ျာရစ်လည်ကာ အထက်သို့ ကော့လျက် ပေါက်၏
၁၅) ဗြဟ္မာမင်းကဲ့သို့သော ဖြောင့်မတ်သောကိုယ် ရှိ၏။
၁၆) အရပ်ခုနစ်ပါး၌ (အသား) ဖြိုးမောက်၏။
၁၇) ခြင်္သေ့၏ ရှေ့ပိုင်းကိုယ်နှင့် တူသော ကိုယ် ရှိပါ၏။
၁၈) လက်ပြင်နှစ်ဖက်အကြား၌ ကျောရိုးကြောင်းမထင် ပြည့်ဖြိုးသော ကျောပြင်ရှိ
၁၉) အလံသည် ကိုယ်အရပ်အမြင့်နှင့် တူ၏
၂၀) ညီညာစွာ လုံးသော လည်တိုင်
၂၁) အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြော
၂၂) ခြင်္သေ့မေးနှင့်တူသော မေး
၂၃) လေးဆယ်သော သွား
၂၄) ညီညွတ်သော သွား
၂၅) မကျဲသော သွား
၂၆) အလွန်ဖြူစင်သော အစွယ် (လေးချောင်း)
၂၇) နူးညံ့ ရှည်လျား ကြီးမားသော လျှာ
၂၈) ဗြဟ္မာ့အသံနှင့်တူသော အသံ၊ ကရ၀ိက်ငှက်သံနှင့် တူသော အသံ
၂၉) အလွန်ညိုသော မျက်လုံး
၃၀) နွားငယ်မျက်တောင်နှင့်တူသော မျက်တောင်
၃၁) နူးညံ့သော၊ လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော (ဥဏ္ဏလုံ) မွေးရှင်သည် မျက်မှောင်နှစ်ခု အကြား၌ ပေါက်၏၊
၃၂) သင်းကျစ်ဆင်ထားဘိ သကဲ့သို့သော ဦးခေါင်း

ညစ်ညူးသော ကံ လေးပါး

ညစ်ညူးသော ကံ လေးပါး
အဘယ်ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်သနည်းဟူမူ -
၁) အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏၊
၂) မပေးသည်ကို ယူခြင်းသည် ညစ်ညူးသော ကံမည်၏၊
၃) ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏၊
၎) မဟုတ်မမှန် ပြောခြင်းသည် ညစ်ညူးသော ကံမည်၏၊
အရိယာသာဝကသည် ဤညစ်ညူးသော ကံလေးပါး တို့ကို ပယ်အပ် ကုန်၏ဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်
မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏ -
သူကြွယ်သား
အသက်သတ်ခြင်းကို လည်းကောင်း၊
မပေးသည်ကို ယူခြင်းကို လည်းကောင်း၊
မဟုတ်မမှန် ပြောခြင်းကို လည်းကောင်း၊
သူတစ်ပါး၏ မယား၌ သွားလာခြင်းကို လည်းကောင်း (ညစ်ညူးသောကံဟု) ဆိုအပ်၏၊
(ထိုညစ်ညူးသောကံနှင့် ပြည့်စုံ သူတို့ကို) ပညာရှိတို့သည် မချီးမွမ်းကုန်ဟု (မိန့်တော်မူ၏)။

နတ်ကိုးခြင်းနှင့် ဆေးကုခြင်း

အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြ ပြီးလျှင် မှားသော အသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေး ကြ၏၊ ဤသည်တို့ကား အဘယ်နည်း -
နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း၊ အနာဆေးတို့ကို (ကပ်ခြင်း) ခွါခြင်း ဤသည်တို့တည်း။
(ရဟန်းသည်) မှားသော အသက်မွေးမှု ဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထို (ရဟန်း)၏ သီလနှင့် ပြည့်စုံခြင်းပေတည်း။

ဥပေက္ခာ

ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပါဝစရဈာန်ကို အားထုတ်၏။ ကုသိုလ်လည်း မဟုတ် အကုသိုလ်လည်း မဟုတ်သော ကံ၏ အကျိုးလည်း မဟုတ်သော ကြိယာဖြစ်သော မျက်မှောက် ဘ၀၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ချမ်းသာခြင်း သုခ၊ ဆင်းရဲခြင်း ဒုက္ခ တို့ကို ပယ်ခြင်းကြောင့် လျစ်လျူရှုခြင်း ဥပေက္ခာ နှင့်ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင် လျစ်လျူရှုမှု ဥပေက္ခာ၊ လျစ်လျူရှုသော အခြင်းအရာ ဥပေက္ခာယနာ၊ လျစ်လျူရှုတတ်သည်၏အဖြစ် ဥပေက္ခာယိတတ္တ၊ ဥပေက္ခာဟူသော စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်ကြောင်းသဘော ဥပေက္ခာစေတောဝိမုတ္တိ သည် ရှိ၏။ ဤသဘောကို လျစ်လျူရှုခြင်း ဥပေက္ခာ ဟု ဆိုအပ်၏။ ကြွင်းသော တရားတို့သည် လျစ်လျူရှုခြင်း ဥပေက္ခာ နှင့် ယှဉ်သော တရားတို့ မည်ကုန်၏။
ရူပါဝစရဈာန်ကို အားထုတ်ကာ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်၊ မျက်မှောက် ကာလတွင် ချမ်းသာခြင်းလည်းမဟုတ်၊ ဆင်းရဲခြင်းလည်းမဟုတ်၊ ဥပေက္ခာပြုလျက် လွတ်မြောက်နေခြင်းကြောင့် စတုတ္ထဈာန်၌နေခြင်းကား လျစ်လျူရှုခြင်း ဥပေက္ခာဖြစ်၏။

Saturday, July 18, 2009

သံယောဇဉ်တရား (၁၀ ပါး)

သံယောဇဉ်မည်သော သညောဇန တရား (၁၀ ပါး)
(၁) (ကာမဂုဏ်တို့၌) လိုချင်စွဲလမ်းမှု ကာမရာဂ သံယောဇဉ်၊
(၂) (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ) ပဋိဃ သံယောဇဉ်၊
(၃) (ငါသာလျှင် မြတ်သည်ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) မာနသံယောဇဉ်၊
(၄) အမြင်မှားမှု ဒိဋ္ဌိ သံယောဇဉ်၊
(၅) ယုံမှားမှု ၀ိစိကိစ္ဆာ သံယောဇဉ်၊
(၆) (နွား၊ ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု သီလဗ္ဗတပရာမာသ သံယောဇဉ်၊
(၇) ရူပ၊ အရူပ ဘ၀၌ စွဲလမ်းမှု ဘ၀ရာဂ သံယောဇဉ်၊
(၈) ငြူစူမှု (မနာလိုမှု) ဣဿာ သံယောဇဉ်၊
(၉) ၀န်တိုမှု မစ္ဆရိယ သံယောဇဉ်၊
(၁၀) (သိအပ်သည်ကို) မသိမှု အ၀ိဇ္ဇာ သံယောဇဉ်၊
ဟူသော သံယောဇဉ် ဆယ်ပါးတို့သည် (ရှိကုန်၏)။

Sunday, July 5, 2009

ဇရာသုတ်

၆ - ဇရာသုတ်
၈၁၁။ (လူတို့၏) ဤအသက်သည် နည်းငယ် တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌ သော်လည်း သေတတ်၏၊ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်းရင့်ရော်၍သော်လည်း သေတတ်၏။ (၁)
၈၁၂။ လူတို့သည် မြတ်နိုးဖွယ် ၀တ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏၊ မှန်၏-အမြဲထာဝရ သိမ်းဆည်း ထားနိုင်သော ပစ္စည်း ၀တ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲထာဝရသိမ်းဆည်း မထားနိုင်ခြင်းသည် (လောက၌) ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်း ပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ (၂)
၈၁၃။ ယောက်ျားသည် အကြင်မြတ်နိုးဖွယ် ၀တ္ထုပစ္စည်းကို ဤဥစ္စာကား ငါ့ဥစ္စာတည်းဟု မှတ်ထင်၏၊ ထိုဥစ္စာရှင် ယောက်ျား သေသောအခါ ထိုမြတ်နိုးဖွယ် ၀တ္ထုပစ္စည်းကို ပယ်စွန့်သွားရ၏၊ (ရတနာသုံးပါးကို) မြတ်နိုးသော ပညာရှိသည် ဤအကြောင်းကိုလည်း သိ၍ ငါ့ဟာ ဟု စွဲလမ်းအပ်သော ၀တ္ထု၌ မညွတ်ကိုင်းရာ။ (၃)
၈၁၄။ ယောက်ျားသည် အိပ်မက်ထဲ၌ တွေ့ဆုံကြုံကြိုက်သော သူကို နိုးသောအခါ မတွေ့မြင်ရတော့ သကဲ့သို့ ဤအတူပင် ချစ်မြတ်နိုးအပ်သော တမလွန်ဘ၀သို့ ပြောင်းသွား ကွယ်လွန်လေပြီးသော သူကို မတွေ့မြင်ရတော့ပေ။ (၄)
၈၁၅။ အကြင်သူတို့၏ ဦးဖြူ ဦးမည်းစသော ဤအမည်ကို ခေါ်ဝေါ်ပြောဆိုရာ၏၊ ထိုသူတို့ကို မြင်လည်း မြင်ရ ကြားလည်း ကြားရကုန်၏၊ ထိုသတ္တ၀ါ ကွယ်လွန်သည် ရှိသော် မှည့်ခေါ်ထားသော ဦးဖြူ ဦးမည်းစသော အမည်မျှသာ ကြွင်းကျန် ရစ်တော့၏။ (၅)
၈၁၆။ မြတ်နိုးဖွယ်ဝတ္ထု၌ မက်မော တွယ်တာသူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ၀န်တိုမှုကို မစွန့်လွှတ်နိုင်ကြကုန်၊ ထို့ကြောင့် ဘေးမရှိရာ (နိဗ္ဗာန်) ကို မြင်ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် သိမ်းဆည်းမှုကို စွန့်လွှတ်၍ ကျင့်ကြကုန်ပြီ။ (၆)
၈၁၇။ ဆိတ်ငြိမ်သော နေရာသို့ ချဉ်းကပ်လျက် (မြတ်နိုးဖွယ်အာရုံမှ) တွန့်ဆုတ်သော စိတ်ရှိသည် ဖြစ်၍ ကျင့်သော ရဟန်း၏ ထိုအကျင့်ကို ညီညွတ် ကောင်းမြတ်သော အကျင့်ဟူ၍ ဆိုကြကုန်၏၊ ယင်းသို့ ကျင့်သော ရဟန်းသည် မိမိကိုယ်ကို သုံးဆယ့်တစ်ဘုံ၌ မမြင်စေတော့ပေ။ (၇)
၈၁၈။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသော ရဟန္တာပုဂ္ဂိုလ်သည် အတွင်းအပ တရားအား လုံးတို့၌ ချစ်ခြင်းကိုလည်း မပြု၊ မုန်းခြင်းကိုလည်း မပြု၊ ကြာဖက်၌ ရေသည် မကပ်ငြိသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၌ ငိုကြွေးမှု ၀န်တိုမှုသည် မကပ်ငြိနိုင်။ (၈)
၈၁၉။ ကြာဖက်၌ ရေပေါက်သည် မကပ်ငြိသကဲ့သို့ လည်းကောင်း၊ ပဒုမ္မာကြာ၌ ရေသည်မကပ်ငြိ သကဲ့သို့ လည်းကောင်း ဤအတူ ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌ မကပ်ငြိတော့ ပေ။ (၉)
၈၂၀။ ကိလေသာကို ခါတွက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့၌ ထိုတဏှာ မာန ဒိဋ္ဌိဖြင့် မစွဲလမ်း မမှတ်ထင်၊ တစ်ပါးသော အကျင့်ဖြင့် စင်ကြယ်ခြင်းကို အလိုမရှိ၊ ထိုရဟန္တာသည် (ဗာလပုထုဇဉ်ကဲ့သို့) တပ်နှစ်သက်တတ်သူလည်း မဟုတ်၊ (ကလျာဏ ပုထုဇဉ် သေက္ခတို့ကဲ့သို့) တပ်နှစ်သက်ခြင်း ကင်းဆဲလည်း မဟုတ်၊ (တပ်နှစ်သက်ခြင်း ကင်းပြီးသူ ဖြစ်၏)။ (၁၀)
ခြောက်ခုမြောက် ဇရာသုတ် ပြီး၏။

Wednesday, July 1, 2009

မေတ္တာဟူသည်

ရူပဘုံသို့လားရာ ဈာန်ကို ပွားများသဖြင့် ကာမမှကင်းသော ချစ်ခြင်းနှင့် ယှဉ်သော ပထမဈာန်သို့ရောက်စဉ် ချစ်ခြင်းသဘော၊ ချစ်ခင်ခြင်း၊ ချစ်တတ်သော အဖြစ်၊ ချစ်ခြင်း၏ ဆန့်ကျင်ရာတို့မှ လွတ်မြောက်သော သဘော ကို မေတ္တာ ဟုဆိုအပ်၏။
ရူပဘုံသို့လားရာ ဈာန်ကို ပွားများစဉ် ချစ်ခြင်းကို ကြံဆ၊ ဆွေးနွေးခြင်း ကင်းသဖြင့် ပီတိကြောင့် ဒုတိယဈာန်သို့ ရောက်စဉ် ချစ်ခြင်းသဘော၊ ချစ်ခင်ခြင်း၊ ချစ်တတ်သော အဖြစ်၊ ချစ်ခြင်း၏ ဆန့်ကျင်ရာတို့မှ လွတ်မြောက်သော သဘော ကို မေတ္တာ ဟုဆိုအပ်၏။
ရူပဘုံသို့လားရာ ဈာန်ကို ပွားများစဉ် ပီတိကို စက်ဆုပ်သဖြင့် တတိယဈာန်သို့ ရောက်စဉ် ချစ်ခြင်းသဘော၊ ချစ်ခင်ခြင်း၊ ချစ်တတ်သော အဖြစ်၊ ချစ်ခြင်း၏ ဆန့်ကျင်ရာတို့မှ လွတ်မြောက်သော သဘော ကို မေတ္တာ ဟုဆိုအပ်၏။
kokhy